ဆိုက်ဘာတိုက်ခိုက်မှုကြောင့် Sony မှ ပေါက်ကြားခဲ့သည့် အချက် (၁၃) ချက်

1412879943_128279889_george-clooney-zoom.jpg

Sony Pictures တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ဟောလီးဝုဒ်၏ အကြီးမားဆုံး စတူဒီယိုများအနက် တစ်ခုဖြစ်သည့် ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်ပုံ အချက်အလက်များစွာ ပေါက်ကြားထွက်ပေါ်လာသည်။ Sony Picutures သည် နိုဝင်ဘာလ ၂၄ ရက်မှ စတင်ကာ ဟက်ကာများ၏ တိုက်ခိုက်မှုခံခဲ့ရသည်။ ဟက်ကာများသည် Sony Pictures ၏ ကွန်ပျူတာ ကွန်ရက်များထဲသို့ ထိုးဖောက်ဝင်ရောက်ခဲ့ပြီး ကုမ္ပဏီ ဘဏ္ဍာရေးဆိုင်ရာ စာရွက်စာတမ်းများနှင့် လျို့ဝှက်ချက်များစွာကို ရယူခဲ့သည်။

အောက်ဖော်ပြပါ အချက်များမှာ Sony တိုက်ခိုက်ခံရမှုမှ ထွက်ပေါ်လာခဲ့သည့် အချက်အလက်များ ဖြစ်သည်။

(၁) Sony ကုမ္ပဏီ၏ လစာအများဆုံးရရှိသည့် အမှုဆောင်ရာထူးကို လူဖြူအမျိုးသားများကသာ ရယူထားသည်။ Sony Pictures Entertainment မှ ထွက်ပေါ်လာသော အချက်အလက်များအရ ကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်သူ အေမီပါစကယ်သည် ဒေါ်လာ ၁ သန်းနှင့်အထက် လစာအများဆုံး ရရှိသည့် တစ်ဦးတည်းသော အမျိုးသမီး ဖြစ်သည်။

(၂) Sony မှ ၂၀၁၃ ခုနှစ်က ထွက်ရှိသော American Hustle ရုပ်ရှင်တွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် မင်းသမီး ဂျနီဖာလောရင့်စ်သည် တွဲဖက်သရုပ်ဆောင်များဖြစ်သော ခရစ္စတီယန်ဘေးလ်နှင့် ဘရတ်ဒ်လေကူးပါး တို့ထက် အနုပညာကြေးရရှိမှု နည်းပါးသည်။ ဂျနီဖာလောရင့်စ်သည် ရုပ်ရှင်၏ အမြတ်ငွေ ၇ ရာခိုင်နှုန်းသာ ရရှိခဲ့သော်လည်း ခရစ္စတီယန်ဘေးလ်နှင့် ဘရတ်ဒ်လေကူးပါးတို့မှာ ရုပ်ရှင်၏ အမြတ်ငွေ ၉ ရာခိုင်နှုန်းရရှိခဲ့ကြသည်။

(၃) Sony ၏ ဥက္ကဌဖြစ်သူ အေမီပါစကယ်နှင့် နယူးယောက်တိုင်းမ် ဆောင်းပါးရှင် မောရင်းဒေါလ်တို့၏ အီးမေးလ် များအရ ဒေါလ်သည် ၎င်း၏ဆောင်းပါးကို ပုံမနှိပ်ခင် ပါစကယ်၏ အမျိုးသားကို ပြသရန် ကတိပေးခဲ့သည်။ ပါစကယ်၏ အမျိုးသားသည် Times သတင်းထောက်ဟောင်း ဘားနတ်ဝိန်းရပ်ဖြစ်သည်။ သို့သော်လည်း အဆိုပါ အချက်အလက်များကိုမူ ဒေါလ်က ငြင်းဆိုသွားခဲ့သည်။

(၄) Sony တွင် အာရွန်ဆောကင်က ဇာတ်ညွှန်းရေးသားပေးမည့် Apple အမှုဆောင်အရာရှိချုပ် စတိဗ်ဂျော့ အကြောင်းကို ရိုက်ကူးထုတ်လုပ်ရန်အတွက် ခွင့်ပြုချက်ရရှိခဲ့သည်။ သို့သော်လည်း ယခုအခါတွင် အဆိုပါ ရုပ်ရှင်ရိုက်ကူးခွင့်ကို ယခုနှစ်အစောပိုင်းတွင် Universal သို့ ရောင်းချလိုက်ပြီ ဖြစ်သည်။ ၎င်းရုပ်ရှင် ရိုက်ကူးခွင့်ကို Sony ပိုင်ဆိုင်စဉ်က တွမ်ခရုစ်ကို အဓိကဇာတ်ကောင်နေရာတွင် ထား၍ ရိုက်ကူးရန် ထည့်သွင်းစဉ်းစားခဲ့သည်။

(၅) ပါစကယ်နှင့် ရုပ်ရှင်ထုတ်လုပ်သူ စကော့ရူဒင်တို့ အပြန်အလှန်ဆက်သွယ်ထားသော အီးမေးလ်များအရ ရူဒင်က ရုပ်ရှင်မင်းသမီး အိန်ဂျလီနာဂျိုလီကို အရည်အချင်း နည်းပါးသော ငဆိုးမလေးဟုခေါ်ဆိုခဲ့သည်။ ထို့အပြင် ၎င်းတို့သည် အမေရိကန်သမ္မတ အိုဘားမား၏ ရုပ်ရှင်များထံ အာရုံဝင်စားမှုအပေါ် ပြက်လုံးများ ထုတ်ခဲ့ကြသည်။ ထိုအပြုအမှုများနှင့် ပတ်သက်၍ ပါစကယ်နှင့် ရူဒင်တို့သည် ပြန်လည် တောင်းပန်မှုများ ပြုလုပ်ခဲ့သည်။

(၆) Sony ၏ လူ့စွမ်းအားအရင်းအမြစ်ဌာနတွင် ထားရှိသော ကုမ္ပဏီဝန်ထမ်း ၃၆ယောက်နှင့် ၎င်းတို့ မိသားစုဝင်များ၏ ဆေးမှတ်တမ်း အချက်အလက်များ ထွက်ပေါ်ခဲ့သည်။ အထူးကုသမှု လိုအပ်နေသည့် ဝန်ထမ်း၏ ကလေးအပြင် ကလေး၏ ကုသမှုဆိုင်ရာ အသေးစိတ် အချက်အလက်များလည်း ထွက်ပေါ်လာခဲ့သည်။ ထို့အပြင် ကုမ္ပဏီဝန်ထမ်းများ၏ ဆေးကုသခွင့်ဆိုင်ရာ အာမခံလျှောက်ထားချက်များကို ထောက်ပံ့သူ Aetna ကုမ္ပဏီက ဒေါ်လာထောင်ချီသော ဆေးကုသခွင့်များစွာကို ငြင်းပယ်ခဲ့သည်။

(၇) Sony ကုမ္ပဏီ၏ လူ့စွမ်းအားအရင်းအမြစ်ဌာနမှ ပေါက်ကြားခဲ့သော အခြားစာရွက်စာတမ်းများအရ ဆေးကုသမှု ကုန်ကျစရိတ် မြင့်မားသော ဝန်ထမ်း ၃၄ ဦးနှင့် ၎င်းတို့၏ မိသားစုဝင်များအတွက် ကုန်ကျငွေ အသေးစိတ် အချက်အလက်များလည်း ထွက်ပေါ်လာခဲ့သည်။ အဆိုပါ ဆေးကုသမှုများတွင် လမစေ့မီ မီးဖွားခြင်း၊ ကင်ဆာ၊ ကျောက်ကပ်ပျက်စီးခြင်းနှင့် အရက်ကြောင့် အသည်းရောဂါ ဖြစ်ပွားခြင်းတို့ ပါဝင်သည်။

(၈) Sony အမှုဆောင်များသည် 21 Jump Street ရုပ်ရှင်ဇာတ်ကားမှ ဇာတ်ကောင်များကို Men in Black ဇာတ်ကားသစ်တွင် ထည့်သွင်းသွားရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့အပြင် အသစ်ထွက်ရှိမည့် Captain America: Civil War ဇာတ်ကားတွင် Spider-Man ဇာတ်ကောင် ပါဝင်မည့် ကိစ္စရပ်အတွက် Disney ၏ Marvel Studios နှင့်လည်း ဆွေးနွေးခဲ့သေးသည်။

(၉) နာမည်ကျော်ကြားသူများသည် ၎င်းတို့၏ identity များကို ကာကွယ်ရန် နာမည်တုများ အသုံးပြုကြသည်။ သရုပ်ဆောင် ဆာရာမစ်ချယ်လီဂယ်လာသည် နယ်လီအိုဟာရာဆိုသည့် အမည်ကို အသုံးပြုသလို သရုပ်ဆောင် တိုဘီမက်ဂွိုင်ယားသည်လည်း ဟိုတယ်တွင် စာရင်းပေးသွင်းသည့်အခါ နီးလ်ဒက်ပ် ဆိုသည့်အမည်ကို အသုံးပြုလေ့ရှိသည်။ နောက်ထပ် သရုပ်ဆောင်တစ်ဦးဖြစ်သူ တွမ်ဟန့်ခ်သည် ဟယ်ရီလောဒါနှင့် ဂျော်နီမက်ဒရစ်ဟူသည့် နာမည်တုနှစ်မျိုးကို အသုံးပြုကြောင်း သိရသည်။

(၁၀) ဂျိမ်းစ်ဘွန်းဇာတ်ကားသစ် Spectre သည် အမေရိကန်ဒေါ်လာ သန်း ၅၀ ကျော်ကုန်ကျမည် ဖြစ်ကြောင်းနှင့် ၎င်းသည် အစောပိုင်းက ထွက်ရှိထားသော Skyfall ဇာတ်ကားထက် ကုန်ကျစရိတ် ပိုမိုများပြားနိုင်ကြောင်း ခန့်မှန်းထားကြသည်။

(၁၁) Ghostbusters ဇာတ်ကား ဒါရိုက်တာအိုင်ဗန်ရိတ်မန်းသည် ၎င်းဇာတ်ကားကို ပြန်လည် အသက်သွင်းရာတွင် ဂျနီဖာလောရင့်စ်၊ အန်မာစတုန်း၊ မယ်လီဆာမက္ကာသီနှင့် အေမီရူမာတို့က ပါဝင်သရုပ်ဆောင်ရန် စိတ်ဝင်စားကြောင်း ၎င်း၏ အီးမေးလ်တွင် ဖော်ပြထားသည်။

(၁၂) Sony Pictures သည် အကြောင်းအရာ မည်မည်ရရမပါဝင်သည့် Seinfeld တီဗွီအစီအစဉ်မှ သုံးနှစ်ကျော်အတွင်း အမေရိကန်ဒေါ်လာ ၅.၈၅ သန်းရရှိခဲ့သည်။ အဆိုပါ တီဗွီအစီအစဉ်၏ အပိုင်းသစ်ကို လွန်ခဲ့သည့် ၁၆ နှစ်ခန့်က ထုတ်လွှင့်ပြသခဲ့သည်။

(၁၃) ရုပ်ရှင်သရုပ်ဆောင် ဂျော့ခ်ျကလူနေးသည် စက်တင်ဘာလ ၅ ရက်က Sony ဥက္ကဌ ပါစကယ်ထံသို့ “ယခုအီးမေးလ် ဟက်ခံနေရကြောင်း သိပါသည်” ဟူသော စာသားပါဝင်သည့် အီးမေးလ်တစ်စောင်ကို ပေးပို့ခဲ့သည်။

Ref: CNET