MyanPay Online Payment စနစ်တွင် Mobile Banking စနစ်ဖြင့် ငွေဖြည့်သွင်းခြင်း စတင် အသုံးပြုနိုင်

myanpay.jpg

အွန်လိုင်းမှတစ်ဆင့် ငွေပေးချေခြင်း၊ ငွေလက်ခံခြင်းများ ဆောင်ရွက်နိုင်သည့် MyanPay Online Payment Gateway တွင် CB Bank ၏ Mobile Banking စနစ်အား စတင်အသုံးပြု နိုင်ပြီဖြစ်ကြောင်း သိရသည်။

MyanPay အသုံးပြုသူ၏ အကောင့်အတွင်းသို့ CB Bank Mobile Banking မှတစ်ဆင့် ငွေဖြည့်သွင်းခြင်းအား ဒီဇင်ဘာလ ၁ ရက်မှ စတင်အသုံးပြု နိုင်ပြီဖြစ်ကြောင်း၊ MyanPay အကောင့်အသုံးပြု ရန်အတွက် ဘဏ်များဖြင့် ချိတ်ဆက်ဆောင်ရွက် ရခြင်းဖြစ်၍ ဘဏ်ဖွင့်ရက်တွင်သာ သွားရောက် ဆောင်ရွက်နိုင်ကြောင်း၊ ယခုအခါ CB Bank ၏ Mobile Banking စနစ်ဖြင့် ငွေထည့်သွင်းနိုင်ပြီ ဖြစ်၍ ဘဏ်သို့သွားရောက်စရာ မလိုတော့ကြောင်း MyanPay ၏ တာဝန်ရှိသူက ပြောသည်။ “CB Bank ရဲ့ Mobile Banking စနစ်အသုံးပြုတဲ့ မည်သူမဆို MyanPay အကောင့်ထဲကို ချက်ချင်းငွေသွင်းပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်”ဟုပြောသည်။

အင်တာနက် အသုံးပြုသူများ အနေဖြင့် MyanPay ငွေပေးချေမှု အကောင့်အား Internet ပေါ်တွင် အခမဲ့ဖွင့်နိုင်ပြီး မိမိ၏ MyanPay အကောင့်အတွင်းသို့ CB Bank ၏ Mobile Banking စနစ်မှ ငွေဖြည့်သွင်း၍ ချက်ချင်းအသုံးပြု နိုင်ကြောင်းသိရသည်။ MyanPay စနစ်မှာ အင်တာနက်မှ တစ်ဆင့် ငွေပေးချေခြင်း၊ ငွေလွှဲပေးပို့ခြင်း၊ ငွေလက်ခံခြင်းတို့အား ဝန်ဆောင်မှု ပေးခြင်းဖြစ်သည်။ ငွေလွှဲပေးပို့ရာတွင် MyanPay အကောင့်အချင်းချင်း (သို့) ငွေလွှဲပြောင်း ပေးပို့လိုသူ၏ အီးမေးလ်လိပ်စာ သိရှိရုံဖြင့် ပေးပို့နိုင်မည် ဖြစ်ကြောင်း၊ ပေးပို့လိုသော အီးမေးလ်ထံသို့ MyanPay အကောင့်တစ်ခု ရယူ၍ ငွေလက်ခံရန် အကြောင်းကြား ပေးပို့ပေးကြောင်း သိရသည်။ ငွေလက်ခံရာတွင် အွန်လိုင်းပေါ်၌ အမြဲရှိနေရန် မလိုအပ်ဘဲ မိုဘိုင်းဖုန်းသို့ စာတိုပို့စနစ်ဖြင့် အကြောင်းကြားပေးကြောင်း သိရသည်။

“လက်ရှိမှာ MyanPay ထဲကို မြန်မာပြည်တွင်းမှာရှိတဲ့ Bank ခွဲပေါင်း ၅၀၀ ကျော်ကနေ ငွေသွင်းလို့ ရပါတယ်၊ အခု MyanPay ထဲကို CB Bank Mobile Banking ကနေ ၂၄  နာရီပတ်လုံး ငွေသွင်းနိုင်အောင် စီစဉ်ပေးလိုက်တာပါ၊ နောက်ပိုင်းတွေ MPU Card စနစ်၊ Internet Banking စနစ်၊ Mobile Money စနစ်တွေနဲ့ ချိတ်ဆက်ဆောင်ပြီး တိုးချဲ့ဝန်ဆောင်မှု ပေးဖို့ဆက်လုပ် နေပါတယ်။ MyanPay က ငွေလွှဲရုံပဲ အဓိကလုပ်ဆောင်တာ မဟုတ်ပါဘူး၊ MyanPay က Online Payment ပါ၊ Online Shopping Website တွေမှာ ငွေပေးချေလို့ရအောင် စီစဉ်ပေးတဲ့ ဝန်ဆောင်မှုပါ” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။