Hackerazzi

Hackerazzi ဆိုသည်မှာ နာမည်ကျော်ကြားသူများ၏ email account များကို အသုံးပြုခွင့်ရအောင် hack ပြုလုပ်ပြီး ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို အသုံးချသည့် ဆိုက်ဘာဒုစရိုက်သမားများ ဖြစ်သည်။ Hackerazzi ဟူသည့် အသုံးအနှုန်းသည် နာမည်ကျော်ကြားသူများ၏ ဓာတ်ပုံများကို လိုက်လံ ရိုက်ကူးသည့် ဓာတ်ပုံဂျာနယ်လစ်များကို ခေါ်ဆိုသော paparazzi မှ ဆင်းသက်လာခြင်း ဖြစ်သည်။

FBI သည် Operation Hackerazzi ဟုခေါ်သာ နာမည်ကျော်ကြားသူများကို hack ခဲ့သည့် ဖြစ်စဉ်များကို တစ်နှစ်ကြာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ပြီးနောက် ဖလော်ရီဒါပြည်နယ် ဂျက်ဆန်ဗီလ်မြို့တွင် နေထိုင်သည့် ခရစ္စတိုဖာချာနေ ဆိုသူအား ခရစ္စတီယာ အဂွီလီရာ၊ စကားလက် ဂျိုဟန်ဆန်နှင့် မီလာကူးနစ်တို့ အပါအဝင် ဖျော်ဖြေရေးလုပ်ငန်းရှိ လူ ၅၀ ကျော်၏ account များကို တရားမဝင် သုံးစွဲမှုအတွက် တရားစွဲဆိုခဲ့သည်။

ချာနေကို တရားစွဲဆိုမှုများတွင် တယ်လီဖုန်း စကားပြောကြားမှုကို တရားမဝင် ကြားဖြတ်နားထောင်ခြင်း၊ identity ခိုးယူမှု ပြုလုပ်ခြင်း၊ ကာကွယ်မှု ပြုလုပ်ထားသည့် ကွန်ပျူတာများကို အသုံးပြုခြင်းနှင့် ဖျက်ဆီးခြင်း စသည်တို့ ပါဝင်သည်။ အချက်အလက် ပေါက်ကြားမှုများတွင် ဂျိုဟန်ဆန်၏ ဝတ်လစ်စလစ် ဓာတ်ပုံများ ပါဝင်ခဲ့ပြီး အဆိုပါ ဓာတ်ပုံများမှ အွန်လိုင်းပေါ်တွင် ပျံ့နှံ့သွားခဲ့သည်။

ချာနေသည် နာမည်ကျော်ကြားသူများ၏ contact အချက်အလက်များ ပိုမိုရရှိရန်အတွက် Apple, Google နှင့် Yahoo email account များကိုလည်း တရားမဝင် အသုံးပြုခဲ့ကြောင်း ဆိုသည်။ ၎င်းသည် forwarding feature ကို အသုံးပြုပြီး account များမှ message ကော်ပီများကို ၎င်းထံ ပေးပို့စေသည်။ အဆိုပါ feature သည် password ကို ပြောင်းလဲပင်လျှင် ဆက်လက် အလုပ်လုပ်သလို hack ခံရသူမှ ၎င်း၏ login အချက်အလက်များကို ပြောင်းလဲခဲ့ပင်လျှင် forward မှာ ဆက်လက် အလုပ်လုပ်နေမည် ဖြစ်သည်။

ထို့အပြင် ချာနေသည် hack ခံရသူ၏ account password များကို ခန့်မှန်းပြီး ကိုယ်ရေး အချက်အလက်များ ရယူရန်အတွက် လူမှုရေးမီဒီယာ ဆိုက်များနှင့် အခြားအွန်လိုင်း ရင်းမြစ်များကို စောင့်ကြည့်ခဲ့ကြောင်း သိရသည်။ အဆိုပါ နည်းလမ်းသည် ၂၀၀၅ ခုနှစ်တွင် အောင်အောင်မြင်မြင် အသုံးပြုခဲ့သည့် နည်းလမ်းဖြစ်ပြီး ဟက်ကာတစ်ဦးသည် ပဲရစ်ဟီလ်တန်၏ ဖုန်းတွင် သတ်မှတ်ထားသော password ကို မှန်ကန်စွာ ခန့်မှန်းကာ ဖုန်းအတွင်းရှိ အချက်အလက်နှင့် ဓာတ်ပုံများကို ရယူခဲ့သည်။ အဆိုပါ password မှာ ဟီလ်တန်၏ ချီဟွာဟွာ ခွေးအမည် tinkerbell ဖြစ်သည်။ ထိုကဲ့သို့ အလွယ်တကူ ခန့်မှန်းနိုင်သည့် password များကို အသုံးမပြုရန်နှင့် ခန့်မှန်းရခက်သည့် password များကိုသာ ရွေးချယ်အသုံးပြုရန် လုံခြုံရေး ပညာရှင်များက တိုက်တွန်းပြောကြားထားသည်။