5G ဖွံ့ဖြိုးမှုကို မြှင့်တင်ရန် ထိုင်းနိုင်ငံဝန်ကြီးချုပ်က နိုင်ငံတော်အဆင့် ကော်မတီကို ဦးဆောင်

ထိုင်းနိုင်ငံအတွင်း 5G ဖွံ့ဖြိုးတိုးတက်မှုကို ချောမွေ့စွာ ဖော်ဆောင်ရန်နှင့် ဒီဂျစ်တယ်စီးပွားရေးကို မြှင့်တင်ရန်အတွက် ထိုင်း ဝန်ကြီးချုပ် Prayut Chan-o-cha က ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်သည့် အဖွဲ့ဝင် ၂၆ ဦးပါ နိုင်ငံတော်အဆင့် 5G ကော်မတီကို ဖွဲ့စည်းခဲ့ပြီး အဆိုပါ ကော်မတီက အသုံးမပြုတော့သော spectrum တွေကို အမျိုးသားအဆင့် ရုပ်သံထုတ်လွှင့်မှုနဲ့ တယ်လီကွန်းဆက်သွယ်ရေး  ကော်မရှင် (NBTC) မှ လျော်ကြေးပေး၍ ပြန်လည်ရုပ်သိမ်းခြင်းနဲ့ သက်ဆိုင်တဲ့ အဟန့်အတားများ ဖြေရှင်းခြင်းများကိုလည်း ဆောက်ရွက်လျက် ရှိတယ်လို့ သိရပါတယ်။

အဆိုပါကော်မတီက 5G ဖွံ့ဖြိုးရေးဆိုင်ရာ ပံ့ပိုးမှုအတွက် သက်ဆိုင်တဲ့ အဖွဲ့အစည်းများကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးရန် မျှော်လင့်ထားတယ်လို့ သိရပါတယ်။ ဒုတိယဝန်ကြီးချုပ်တွေဖြစ်တဲ့ Somkid Jatusripitak၊ Prawit Wongsuwon နှင့် Wissanu Krea-ngam တို့က ကော်မတီ၏ ဒုတိယ ဥက္ကဌများအဖြစ် တာဝန်ထမ်းဆောင်ကြပြီး စီးပွားရေးဝန်ကြီးဌာန၊ ခရီးသွားလာရေး ဝန်ကြီးဌာနနှင့်  ပညာရေး ဝန်ကြီးဌာနတို့၏ ဝန်ကြီးများမှာလည်း ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြတယ်လို့ သိရပါတယ်။ ဒီဂျစ်တယ် စီးပွားရေးနှင့် လူမှုရေးဝန်ကြီးဌာနရဲ့ အမြဲတမ်း အတွင်းရေးမှူးက ကော်မတီရဲ့ ညွှန်ကြားရေးမှူးနဲ့အတွင်းရေးမှူးအဖြစ်တာဝန် ထမ်းဆောင်တယ်လို့သိရပါတယ်။

ကော်မတီကို ကဏ္ဍအဆင့်အသီးသီးမှ တာဝန်ရှိသူများ ပါဝင်သော 5G ကွန်ရက်ဖော်ဆောင်ရေးကို မြှင့်တင်၍ စီးပွားရေးကဏ္ဍနှင့် တစ်ကိုယ်ရည်သုံးစွဲသူများအား 5G ၏ အကောင်းဆုံးသော အကျိုးရလဒ်များ ရရှိစေရန်အတွက် ကူညီပေးနိုင်ရန် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း၊   အဓိကသက်ဆိုင်တဲ့ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ ပါဝင်စေခြင်းဖြင့် 5G ကူးပြောင်းအသုံးပြုမှုနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ရှင်းလင်းသော လမ်းပြမြေပုံတစ်ရပ်ကို ဖော်ဆောင်မြှင့်တင်ပေးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ NBTC ၏ အထွေထွေ အတွင်းရေးမှူး Takorn Tantasith က ဆိုပါတယ်။

COVID-19 ကပ်ရောဂါကြောင့် ထိုင်းနိုင်ငံတွင်း အဓိက တယ်လီကွန်း အော်ပရေတာများအနေဖြင့် 5G နည်းပညာများ တပ်ဆင်ခြင်းကို  အရှိန်မြှင့်တင်လာကြကြောင်း၊ ဆရာဝန်များနှင့် ကျန်းမာရေး ဝန်ထမ်းများမှ ဗိုင်းရပ်စ်ပိုးကို ရင်ဆိုင်ကုသရာတွင် အကူအညီပေးနိုင်ရန် နိုင်ငံတွင်း ထိပ်တန်း မိုဘိုင်း အော်ပရေတာများက ဆေးရုံများတွင် 5G ကွန်ရက်များကို အပြိုင်အဆိုင် တပ်ဆင်ပေးရန် ကြိုးစားလာကြကြောင်း သိရပါတယ်။

“ အရေးပေါ်အခြေအနေကြီးတစ်ရပ်အတွင်း လူတွေရဲ့ ကျန်းမာရေးအပေါ်  ဒီဂျစ်တယ် အခြေခံအဆောက်အအုံက ကြီးမားတဲ့ သက်ရောက်မှု ရှိနေပါတယ်။  5G ကို အများပြည်သူ ကျန်းမာရေးအတွက် အသုံးပြုလာတာကို ကြည့်ရင် ဒါကို သိနိုင်ပါတယ်” လို့ထိုင်းနိုင်ငံ ဒီဂျစ်တယ် စီးပွားရေးနှင့် လူမှုရေးဝန်ကြီး Buddhipongse Punnakanta က ဆိုပါတယ်။

GSMA ကဲ့သို့သော ဆက်သွယ်ရေးကဏ္ဍဆိုင်ရာ အဖွဲ့အစည်းများက ဤကပ်ရောဂါကို ရင်ဆိုင်ရာတွင် 5G နည်းပညာများသည် အရေးပါလှပြီး စီးပွားရေး ပြန်လည်ထူထောင်ရေးအတွက်လည်း “ပင်မကျောရိုး” ဖြစ်လာမည်ဟု ထောက်ပြထားပြီး ကပ်ရောဂါအလွန် လုပ်ငန်းများ ပြန်လည်ဆောင်ရွက်ကြရာတွင်လည်း ICT နှင့် ဒီဂျစ်တယ်စီးပွားရေးတို့က အဓိက တွန်းအားများဖြစ်လာကြမယ်ဆိုတာကို လုပ်ငန်းနယ်ပယ်အတွင်း ကျယ်ပြန့်စွာ လက်ခံလာကြပြီ ဖြစ်တယ်လို့သိရပါတယ်။