5G ထုတ်ကုန်များအတွက် ကမ္ဘာ့ပထမဆုံး CC EAL4+ လုံခြုံရေး အသိအမှတ်ပြု လက်မှတ်ကို Huawei ရရှိ

ကမ္ဘာ့ ဦးဆောင် ICT နည်းပညာ ပံ့ပိုးသူ Huawei သည် ၄င်း၏ 5G ထုတ်ကုန်များအတွက် ကမ္ဘာ့ပထမဦးဆုံး Common Criteria (CC) Evaluation Assurance Level (EAL)4+ အသိအမှတ်ပြု လက်မှတ်ကို ရရှိခဲ့တယ်လို့ သိရပါတယ်။

စပိန်နိုင်ငံ အသိအမှတ်ပြု လက်မှတ်ထုတ်ပေးရေး အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ CCN (Centro Criptologico National) က Huawei 5900 စီးရီး 5G gNodeB software အတွက် အသိအမှတ်ပြုလက်မှတ်ကို မေ ၂၀ ရက်က ထုတ်ပေးခဲ့ခြင်းဖြစ်ပြီး ယင်းအတွက် အကဲဖြတ်ခြင်းကို စပိန် IT လုံခြုံရေး အကဲဖြတ်မှုနှင့် အသိအမှတ်ပြုလက်မှတ် ထုတ်ပေးခြင်းဆိုင်ရာ စည်းမျဉ်းအစီအစဉ်များနှင့်အညီ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ အကဲဖြတ်ခြင်း နည်းနာများဆိုင်ရာ အစီရင်ခံစာအတွင်းမှ အကဲဖြတ်အဖွဲ့ရဲ့ ကောက်ချက်ဟာ အသုံးပြုထားတဲ့ သက်သေအထောက်အထားနဲ့ ကိုက်ညီမှု ရှိကြောင်း CCN က ဆိုထားတယ်လို့ သိရပါတယ်။

CC အသိအမှတ်ပြု လက်မှတ်မှာ ကမ္ဘာအနှံ့တွင် ကျယ်ပြန့်စွာ အသိအမှတ်ပြုထားတဲ့ လုံခြုံရေး အသိအမှတ်ပြုခြင်းတစ်ရပ် ဖြစ်ကြောင်း၊ ယင်းတွင် အဆင့် ခုနစ်ဆင့်ရှိကြောင်း သိရပါတယ်။ EAL 4+ သို့မဟုတ် ပိုမို မြင့်မားတဲ့ အဆင့်များအတွက် အရင်းအမြစ်ကုဒ် (source code) ကို စစ်ဆေး၍ အသိအမှတ်ပြုခံယူရန် လိုအပ်ကြောင်း EAL4 မှာ လက်ရှိ ထုတ်လုပ်နေတဲ့ ကုမ္ပဏီထုတ်ကုန်စာရင်း (product line) သို့ ထုတ်ကုန်သစ် ထည့်ပေါင်းရာမှာ စီးပွားရေးအရ အဆင်ပြေနိုင်တဲ့ အမြင့်ဆုံး အဆင့် သတ်မှတ်ချက်တစ်ခု ဖြစ်တယ်လို့ သိရပါတယ်။

“ယုံကြည်မှုဆိုတာ အချက်အလက်တွေအပေါ် အခြေခံရမယ်။ အချက်အလက်တွေဟာလည်း သက်သေခံနိုင်စွမ်း ရှိရမှာ ဖြစ်ပြီး အဲဒီ သက်သေခံနိုင်စွမ်းဟာလည်း ဘုံသဘောတူညီထားတဲ့ စံနှုန်းတွေအပေါ် အခြေခံရမှာ ဖြစ်တယ်လို့ Huawei က ယုံကြည်ထားပါတယ်။ လုပ်ငန်းလုပ်ထုံးတွေကို အသုံးပြုပြီး အရည်အချင်း အသိအမှတ်ပြုမှု ခံယူခြင်းဟာ လုံခြုံရေးဆိုင်ရာပြဿနာတွေကို ဖြေရှင်းရာမှာ အထိရောက်ဆုံး နည်းလမ်း ဖြစ်ပါတယ်” လို့ Huawei Asia Pacific ရဲ့ လက်ထောက်ဥက္ကဌ Jay Chen က ပြောပါတယ်။

Huaei အနေနဲ့ CC နဲ့ FIPS တို့ကဲ့သို့သော နိုင်ငံတကာ အသိအမှတ်ပြု ဆိုက်ဘာလုံခြုံရေး စံနှုန်းနှင့် လိုအပ်ချက်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ ထုတ်ကုန် သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက်ပြီး ပြင်ပ အဖွဲ့အစည်း ဓာတ်ခွဲခန်း (third-party labs) များကိုလည်း Huawei ထုတ်ကုန်များကို စစ်ဆေး အသိအမှတ်ပြုရန် ဖိတ်ခေါ်လျှက်ရှိကြောင်း၊ လက်ရှိတွင် ယင်း၏ ထုတ်ကုန်များနှင့် ဖြေရှင်းမှုနည်းလမ်း (solutions) များသည် (CC၊ FIPS နှင့် CSA တို့ အပါအဝင်) လုံခြုံရေး အသိအမှတ်ပြုမှုပေါင်း ၂၇၀ ကျော် ရရှိထားပြီး ဖြစ်ကြောင်း သိရပါတယ်။

“ကမ္ဘာ့ပထမဦးဆုံး 5G CC EAL4+ လက်မှတ် ရရှိလိုက်တာဟာ ကျွန်တော်တို့ရဲ့ 5G အပိုင်းမှာ ဦးဆောင်နေမှုကို ထပ်မံ ဖော်ပြနေပါတယ်။ Huawei ဟာ ဆန်းသစ်တဲ့ 5G နည်းပညာတွေကို ရှာဖွေဖန်တီးသွားမှာ ဖြစ်ပြီး 5G စနစ်ကို အောင်မြင်စွာ စီးပွားဖြစ်အသုံးချလာနိုင်ရေးအတွက် ကမ္ဘာ့ အော်ပရေတာတွေကို အကူအညီပေးသွားမှာ ဖြစ်ပါတယ်” လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။