5G စမတ်ဖုန်းများကို ၂၀၁၉ ခုနှစ်တွင် တွေ့မြင်ရမည်ဟု Qualcomm ပြောကြား

သုံးစွဲသူများနဲ့ စီးပွားရေးလုပ်ငန်းများရဲ့လိုအပ်ချက် မြင့်တက်လာမှုကြောင့် 5G စမတ်ဖုန်းတွေကို ယခင်ခန့်မှန်းထားတာထက် တစ်နှစ်စောပြီး ၂၀၁၉ ခုနှစ်မှာ တွေ့မြင်ရမှာဖြစ်တယ်လို့ Qualcomm အမှုဆောင်အရာရှိချုပ် Steven Mollenkopf က ပြောကြားလိုက်ပါတယ်။

“5G စမတ်ဖုန်းတွေကို ၂၀၁၉ ခုနှစ်မှာ တွေ့မြင်ရပါမယ်။ ဒီမေးခွန်းကို လွန်ခဲ့တဲ့တစ်နှစ်ကသာ မေးခဲ့မယ်ဆိုရင်တော့ ၂၀၂၀ ခုနှစ်လို့ ကျွန်တော် ပြန်ဖြေခဲ့မိမှာပါ” လို့ ဂျာမနီမှာပြုလုပ်ခဲ့တဲ့ ဖရန့်ဖွတ်ကားပြပွဲမှာ Mollenkopf က ပြောကြားခဲ့ပါတယ်။

၂၀၁၉ ခုနှစ်မှာ 5G ကို မိတ်ဆက်ဖို့အတွက် တရုတ်၊ အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယား ကွန်ရက်အော်ပရေတာအချို့က ပြင်ဆင်နေကြတယ်လို့ Mollenkopf က ဆိုပါတယ်။

Qualcomm အနေနဲ့ 5G ကွန်ရက်စမ်းသပ်မှုတွေကို ကမ္ဘာတစ်ဝန်းမှာ ပြုလုပ်ခဲ့သလို 5G new radio (NR) စမ်းသပ်ရန်နဲ့ ၂၀၁၇ ဒုတိယနှစ်ဝက်အတွင်း 3GPP က ထောက်ပံ့ပေးထားတဲ့ လက်ရှိ 5G NR သတ်မှတ်ချက်များကို အသုံးပြုပြီး over-the-air field စမ်းသပ်မှုပြုလုပ်ရန်အတွက် ဖေဖော်ဝါရီလက Ericsson, Telstra တို့နဲ့ လက်တွဲခဲ့ပါတယ်။ ။

ဒါ့အပြင် ဂျပန်ဆက်သွယ်ရေးကုမ္ပဏီ NTT DoCoMo နဲ့ ဥရောပဆက်သွယ်ရေးကုမ္ပဏီကြီး Vodafone တို့နဲ့အတူ 5G စမ်းသပ်မှုများ ထပ်မံပြုလုပ်သွားမယ်လို့ Qualcomm နဲ့ Ericsson တို့က ပြောကြားခဲ့ပါတယ်။

ဂျပန်နိုင်ငံရဲ့ NTT DoCoMo နဲ့ စမ်းသပ်မှုကို ၂၀၁၈ ပထမနှစ်ဝက်အတွင်း ပြုလုပ်သွားမှာဖြစ်ပါတယ်။ Qualcomm ရဲ့ ရှေ့ပြေးထုတ်ကုန်တွေနဲ့ Ericsson ရဲ့ ရှေ့ပြေး base station solution တွေကို NTT DoCoMo ရဲ့ ကွန်ရက်စမ်းသပ်မှုမှာ အသုံးပြုသွားမယ်လို့ ဆိုပါတယ်။

ယူကေမှာပြုလုပ်မယ့် စမ်းသပ်မှုတွေကိုတော့ Vodafone နဲ့အတူ ၂၀၁၇ ဒုတိယနှစ်ဝက်အတွင်း ပြုလုပ်သွားမယ်လို့ သိရပါတယ်။

Ref: ZDNet