5G ကြောင့် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပေါ်ဆိုတဲ့ သတင်းကြောင့် မြို့တချို့မှာ ဖုန်းတာဝါတိုင်ကို မီးတင်ရှို့

5G ကွန်ရက်တွေကြောင့် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားတယ်ဆိုတဲ့ လျို့ဝှက်ပူးပေါင်းကြံစည်မှုသီအိုရီ တစ်ခု ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာပါတယ်။ အဲဒီသီအိုရီကြောင့် ဘာမင်ဂမ်၊ မာဆေးဆိုက်ဒ်နဲ့ ဘဲလ်ဖတ်မြို့တွေက မိုဘိုင်းတာဝါတိုင်တွေကို မီးတင်ရှို့ခဲ့ကြပါတယ်။ အဲဒီကိစ္စအပြီး ယူကေအစိုးရက လူမှုရေးကွန်ရက်တွေနဲ့ ဆွေးနွေးမှု ပြုလုပ်နေပါတယ်။

5G ကွန်ရက်ကို ချိတ်ဆက်ပေးတဲ့ တာဝါတိုင်တွေက ထွက်ပေါ်တဲ့ ဓာတ်ရောင်ခြည်တွေက လူတွေရဲ့ကျန်းမာရေးကို ထိခိုက်ကာ ကိုယ်ခံအားစနစ်ကို ကျဆင်းစေတယ်လို့ ယုံကြည်နေတဲ့အတွက် ဆက်သွယ်ရေးအင်ဂျင်နီယာဟာ လူတွေရဲ့ ကိုယ်ထိလက်ရောက်ခြိမ်းခြောက်မှု၊ ပြောဆိုခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်နေရပါတယ်။

လီဗာပူးလ်မြို့တော်ဝန်ဖြစ်တဲ့ ဂျိုးအန်ဒါဆင်က 5G ကွန်ရက်နဲ့ ကိုရိုနာဗိုင်းရပ်စ်ဆက်စပ်မှုက ယုတ္တိမရှိဘူးလို့ ပြောခဲ့ပြီးနောက် ခြိမ်းခြောက်မှုတစ်ချို့ လက်ခံရရှိခဲ့ပါတယ်။

အခုသီအိုရီတွေက အန္တရာယ်ရှိပြီး အဓိပ္ပာယ်မရှိဘူးလို့ ကတ်ဘိနက်အရာရှိဝန်ကြီး မိုက်ကယ်ဂေါ့ကပြောထားပါတယ်။

“5G ဇာတ်လမ်းက လုံးဝအဓိပ္ပာယ်မရှိပါဘူး။ မဟုတ်မဟတ် အဆိုးဆုံး သတင်းတုဖြစ်ပါတယ်။ တစ်ကယ်က မိုဘိုင်းဖုန်းကွန်ရက်တွေက ကျွန်တော်တို့အတွက် အလွန်အရေးပါပါတယ်။ လူတွေက အိမ်မှာနေထိုင်နေရပြီး သူငယ်ချင်းတွေနဲ့ အမျိုးတွေနဲ့ပါ မတွေ့အချိန်မှာ ပိုအရေးပါလာပါတယ်။ မိုဘိုင်းဖုန်းကွန်ရက်တွေကို အရေးပေါ်ဝန်ဆောင်မှုတွေနဲ့ ကျန်းမာရေးလုပ်သားတွေ အသုံးပြုနေပါတယ်။ ကျွန်တော် အတော်ဒေါသထွက်မိပါတယ်။ ကျန်းမာရေးအရေးပေါ် အခြေအနေတွေကို တုံ့ပြန်ရာမှာ လိုအပ်တဲ့ အခြေခံအဆောက်အအုံကို ဖျက်ဆီးသူတွေကို အရေးယူသင့်ပါတယ်” လို့ စတီဖန်ပိုဝတ်ကပြောခဲ့ပါတယ်။

ယဉ်ကျေးမှုဆိုင်ရာ အတွင်းရေးလက်ထောက် အိုလီဗာဒိုဒန်ကလည်း သတင်းမှားကို တိုက်ဖျက်ဖို့ Facebook, WhatsApp, YouTube နဲ့ Twitter တို့နဲ့ဆွေးနွေးခဲ့ပါတယ်။

အဆိုတော် အန်မာရီက လူမှုရေးမီဒီယာမှာ 5G ကွန်ရက်နဲ့ပတ်သက်တဲ့ သီအိုရီကို ဖြန့်ဝေခဲ့ပါတယ်။ ဒါ့အပြင် Britain’ Got Talent ကဒိုင်တစ်ဦးဖြစ်တဲ့ အမန်ဒါနဟိုဒန်ကလည်း 5G တာဝါနားနေထိုင်တာကြောင့် COVID-19 ရောဂါလက္ခဏာတွေ တွေ့ရတယ်ဆိုတဲ့ အွန်လိုင်းဆန္ဒခံယူမှုကို ဝေမျှခဲ့ပါတယ်။ အဲဒီဆန္ဒခံယူမှုကို ဖျက်လိုက်ပါပြီ။ 5G မိုဘိုင်းတာဝါကို မီးရှို့သူတွေက လူမှုရေးမီဒီယာမှာ ရှို့မီးတိုက်ခိုက်မှု ဗီဒီယိုတွေကို တင်ခဲ့ပါတယ်။

စိုးထက်
Ref: TheGuardian