MacBook Air ထက်ပိုမို ပါးလွှာသော Laptop ကို HP မိတ်ဆက်

hp-elitebook-folio-1020-1.jpg

HP သည် Apple ၏ ultra portable notebook ထက်ပိုမို ပါးလွှာသော EliteBook Folio 1020 laptop မော်ဒယ်သစ်ကို မိတ်ဆက်ခဲ့ကြောင်း သိရသည်။

အဆိုပါ  laptop  ၏အလေးချိန်မှာ ၂.၂ ပေါင်နှင့် အထူမှာ ၁၅.၇ မီလီမီတာ ရှိကြောင်း သိရသည်။ သို့သော်လည်း EliteBook Folio 1020 laptop ကို လာမည့်နှစ်တွင် ဖြန့်ချိမည့် အချိန်တွင် အလေးချိန် ၂.၆ ပေါင်ခန့်ရှိသော laptop ဗားရှင်းသစ်ကိုလည်း ရောင်းချသွားမည် ဖြစ်ကြောင်း Engadget မှဖော်ပြ ခဲ့သည်။ Apple ၏ Mac Book Air သည်အလေးချိန် ၂.၉၆ ပေါင်ရှိပြီး အထူမှာ ၁၇ မီလီမီတာရှိသော ၁၃.၃ လက်မ မျက်နှာပြင်ကို အသုံးပြုထားသည်။ HP ၏ EliteBook Folio 1020 တွင်မူ QHD သို့မဟုတ် 1080p ရုပ်ထွက် အရည်အသွေး ရှိသည့် ၁၂.၅ လက်မ မျက်နှာပြင် ပါဝင်ပြီး Intel Core M  ပရိုဆက်ဆာ၊ RAM 8GB အပြင် 128GB မှ 256GB SSD အထိ ထည့်သွင်း နိုင်သည့် storage နေရာလွတ်လည်း ပါဝင်သည်။ ၎င်း laptop ၏ဘက်ထရီမှာ ၉ နာရီခန့်အထိ မနားတမ်း အသုံးပြုနိုင်သည်။

EliteBook Folio 1020 ၏ထူးခြားချက်မှာ laptop အတွင်း Intel Core M ပရိုဆက်ဆာ ပါဝင်လာ သောကြောင့်  ဒီဇိုင်းပိုင်း တီထွင် ဆန်းသစ်မှုအဖြစ် အအေးခံ ပန်ကာလေးများ ထည့်သွင်းထားခြင်း မရှိပေ။ Laptop ၏အဖုံးနှင့် ကီးဘုတ် မျက်နှာပြင် မဂ္ဂနီဆီယမ် လစ်သီယမ်အပြင် ထုတ်ကုန် အောက်ခြေတွင် ကာဗွန်တို့ကို အသုံးပြုထားသည်။ EliteBook Folio 1020 ပထမ ဗားရှင်းကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလတွင် တင်ပို့ ရောင်းချမည် ဖြစ်ပြီး အထူးဗားရှင်းကို ဧပြီလမှသာ ရောင်းချသွားမည် ဖြစ်သည်။

-(Ref: BGR)