တရုတ်နိုင်ငံရဲ့ 4G သုံးစွဲသူဦးရေ ၂၀၁၆ တွင် နှစ်ဆမြင့်တက်

တရုတ်နိုင်ငံရဲ့ 4G သုံးစွဲသူဦးရေဟာ ၂၀၁၆ နှစ်ကုန်ပိုင်းမှာ သန်း ၇၇၀ အထိရှိလာခဲ့ပြီး လွန်ခဲ့တဲ့ တစ်နှစ်ထက် နှစ်ဆမြင့်တက် လာတယ်လို့ စက်မှုနဲ့ သတင်းအချက်အလက် နည်းပညာဌာန (MIIT) က ထုတ်ပြန်ခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ မိုဘိုင်းဖုန်း သုံးစွဲသူများအနက် ၅၈ ရာခိုင်နှုန်းကျော်က 4G သုံးစွဲသူများဖြစ်တယ်လို့ MIIT ရဲ့ ပြောရေးဆိုခွင့် ရှိသူနဲ့ အင်ဂျင်နီယာချုပ်ဖြစ်သူ Zhang Feng က သတင်းစာ ရှင်းလင်းပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

၂၀၁၅ ခုနှစ်မှာ 4G သုံးစွဲသူဦးရေက ၃၈၆ သန်း ရှိခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ ကမ္ဘာအကြီးဆုံး 4G ကွန်ရက်ကို ပိုင်ဆိုင်ထားပြီး ၂၀၁၈ ခုနှစ်မှာ မြို့နယ်တွေနဲ့ ရွာတွေအတွက် 4G base station ၂ သန်း တိုးမြှင့်သွားဖို့ ရည်ရွယ်ထားပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံ အနေနဲ့ 5G နည်းပညာအတွက် သုတေသနနဲ့ စမ်းသပ်မှုတွေ ပြုလုပ်နေပြီး ၂၀၂၀ ခုနှစ်မှာ စီးပွားဖြစ် အသုံးပြုနိုင်ဖို့ ရည်မှန်းထားပါတယ်။

စမ်းသပ်မှုနဲ့ ဖွံ့ဖြိုး တိုးတက်မှုလုပ်ငန်းစဉ်က ဒုတိယအဆင့်ကို ရောက်ရှိနေပြီလို့ Zhange က ဆိုပါတယ်။

“4G နဲ့ နှိုင်းယှဉ်ရင် 5G က ပိုမြန်သလို ပိုပြီးယုံကြည် အားထားရပါတယ်။ ဒါ့အပြင် virtual reality နည်းပညာ၊ အရည်အသွေးမြင့် ဗီဒီယိုထုတ်လွှင့်မှု၊ အလိုအလျောက် မောင်းနှင်မှုနဲ့ စမတ်ထုတ်လုပ်မှုတို့အတွက် သုံးနိုင်ပါတယ်” လို့ Zhang က ပြောကြားခဲ့ပါတယ်။

Ref: Xinhua