တောက်ပြောင်သော ဖုန်းတွေရဲ့ နောက်ကွယ်က အမှောင်ကမ္ဘာ

MSC2016-5.jpg

စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာ Mobile World Congress နည်းပညာပြပွဲကြီး ခြိမ့်ခြိမ့်သဲ ကျင်းပနေချိန်တွင် အကောင်းဆုံးဆိုသော ဖုန်းများ၊ နည်းပညာပစ္စည်းများ ထွက်ပေါ်လာ စေရေးအတွက် လူတွေမသိသော နောက်ကွယ်က အမှောင်ကမ္ဘာထဲမှာ ဒုက္ခခံပေးနေရ သူတွေလည်း ရှိနေသည်။ 

“ယနေ့ ခေတ်ပေါ် နည်းပညာ ပစ္စည်းတွေရဲ့ နောက်ကွယ်မှာလုပ်အား ခေါင်းပုံဖြတ်တာတွေ၊ ပဋိပက္ခဇုန်တွေက သွေးစွန်းနေတဲ့ သယံဇာတပစ္စည်းတွေ ရှိနေတယ်”ဟု နည်းပညာဆိုင်ရာ သန့်ရှင်းသယံဇာတ ပစ္စည်းများ အသုံးပြုရေး လှုံ့ဆော်နေသည့် အန်ဂျီအို ၁၀ ဖွဲ့ ပူးပေါင်းထားသော SETEM အဖွဲ့က ပြောသည်။

Mobile World Congress ကျင်းပသည့် အဆောက်အဦမှ လမ်းဖြတ် အနည်းငယ်သာ ဝေးသောနေရာတွင် Mobile Social Congress ဆိုပြီး အပြိုင်ကျင်းပခဲ့သည်။ သွေးစွန်းမှုကင်းသော၊ ခေါင်းပုံဖြတ်မှုကင်းသော သယံဇာတ များကိုသာသုံးကာ နည်းပညာ ပစ္စည်းများ ထုတ်လုပ်ရေး လှုံ့ဆော် ပညာပေးသော ပွဲလည်းဖြစ်သည်။ ထိုလှုပ်ရှားမှုအဖွဲ့သည် ကိုယ်ပိုင် Fairphone 2 စမတ်ဖုန်းကိုလည်း ထုတ်လုပ်ထားသည်။ Fairphone 2 ထုတ်လုပ်မှု လုပ်ငန်းစဉ် အဆင့်ဆင့်သည် ခေါင်းပုံဖြတ်မှု၊ သွေးစွန်းမှု ကင်းစင်သော သယံဇာတ ပစ္စည်းများသာ သုံးထားကြောင်း အာမခံထားသည်။

“ဖုန်းအတွက် လိုအပ်တဲ့ သဘာဝသယံဇာတ ပစ္စည်းတိုင်းကို ခေါင်းပုံဖြတ်မှု၊ သွေးစွန်းမှု ကင်းစင်အောင် စစ်ဆေးရတာ လွယ်တဲ့အလုပ်တော့ မဟုတ်ဘူး။ ဖုန်းအတွက် လိုအပ်တဲ့ ကုန်ကြမ်းတွေရဲ့ နောက်ကွယ်မှာ ထုတ်လုပ်သူ၊ ပါဝင်ပတ်သက် နေသူတွေက ကမ္ဘာတစ်ဝန်းမှာ ရာနဲ့ချီပြီး ရှိနေတယ်။ ဓာတ်သတ္တု တစ်မျိုးတည်းရဲ့ နောက်ကွယ်မှာတင် စတင်ထုတ်လုပ်တာကနေ ကျွန်တော်တို့ဆီ ရောက်လာတဲ့အထိ အဆင့်ငါးဆင့်လောက် လက်လွှဲပြောင်းခဲ့တာဆိုတော့ အဆင့်တိုင်းမှာ ခေါင်းပုံဖြတ်မှု ကင်းစင်ဖို့၊ ပဋိပက္ခဒေသ တွေက ပြည်သူတွေကို မတရားခိုင်းစေ ထုတ်ယူထားတဲ့ သယံဇာတမျိုးမဖြစ်ဖို့ လိုက်စစ်ဆေးရတာ တကယ်မလွယ်ပါဘူး” ဟု Fairphone ၏ အများပြည်သူ ဆက်ဆံရေး မန်နေဂျာ ဒါရီရာကို ရီနူရှကီယာက ပြောသည်။

ပထမဆုံး Fairphone ထုတ်လုပ်ခဲ့စဉ်က ကွန်ဂိုဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံရှိ ဓာတ်သတ္တု လုပ်ငန်းများအနက် လက်နက်ကိုင် ပဋိပက္ခများနှင့် ပတ်သက်မှုမရှိသော သတ္တုတွင်း လုပ်ငန်းများကို ရွေးချယ်ကာ သွပ်၊ တန်တာလမ် စသည့် ရှားပါးသတ္တုများ  ဝယ်ယူခဲ့ရကြောင်း သိရသည်။ Fairphone 2 ထုတ်လုပ်စဉ်ကလည်း မျှတသော ကုန်သွယ်ရေး စံညွှန်းနှင့် ညီညွတ်သည့် ပီရူးရှိ သတ္တုတွင်းများမှ ရွှေများဝယ်ယူ အသုံးပြုခဲ့ကြောင်း သိရသည်။

နယ်သာလန် အခြေစိုက် Fairphone ၏ တရုတ်ရှိ ဖုန်းထုတ်လုပ်ရေး စက်ရုံတွင်လည်း ဝန်ထမ်းများအတွက် လူမှုဘဝ မြှင့်တင်ရေး အစီအစဉ်များ ပို့ချသင်တန်း ပေးနေသလို၊ လုပ်သားများ၏ အခက်အခဲများကို ကိုယ်စားပြု တင်ပြမည့် အဖွဲ့များလည်း ဖွဲ့ထားပြီး၊ လုပ်သားများဘဝ အခြေအနေကိုလည်း လွတ်လပ်စွာ စုံစမ်းအစီရင်ခံမည့် အဖွဲ့လည်းဖွဲ့စည်း ထားသည်။

“အာရှမှာ ရာနှုန်းပြည့် မျှတမှုရှိတဲ့ စက်ရုံမျိုး တွေ့ရဖို့တော့ မလွယ်ဘူး။ ဒါပေမဲ့ လုပ်သားတွေကို မျှမျှတတ ဆက်ဆံနိုင်မယ့် အ နေအထားမျိုး ရောက်အောင် မြှင့်တင်ဖို့ စိတ်အားထက်သန်တဲ့ လုပ်ငန်းမျိုးတွေ ဆိုရင်တော့  ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက် ပါတယ်” ဟု ကိုရီနူရှကီယာက ပြောသည်။

နိုင်ငံတကာ အီလက်ထရောနစ် လုပ်ငန်းများတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို စောင့်ကြည့်နေသော Electronics Watch အဖွဲ့၏ ဖော်ပြချက်အရလည်း တရုတ်အီလက်ထရောနစ် စက်ရုံများတွင် လုပ်သားများ တစ်ပတ်နာရီ ရှစ်ဆယ်လောက်ထိ လုပ်နေရပြီး လစာလည်း လွန်စွာနည်းကာ ကျန်းမာရေး ထိခိုက်စေသော ဓာတုပစ္စည်းများနဲ့လည်း ထိတွေ့နေကြရကြောင်း သိရသည်။

၂၀၁၂ ခုနှစ်ကလည်း Apple ကိုယ်တိုင်က ၎င်းတို့အတွက်အိုင် ဖုန်းများတပ်ဆင် ထုတ်လုပ်ပေးနေသော ထိုင်ဝမ်အခြေစိုက် Foxconn ကုမ္ပဏီ၏ တရုတ်စက်ရုံများတွင် လုပ်သားခေါင်းပုံဖြတ်မှုများ ရှိနေသည်ဟု ဝန်ခံခဲ့သည်။ အီလက်ထရောနစ် ပစ္စည်းများအနက် Smart-phone, Tablet   နှင့်  ဆက်စပ် ပစ္စည်းများသည် ဈေးကွက်အကြီးမားဆုံး ဖြစ်နေပြီး ၂၀၁၅ ခုနှစ်တွင် ဈေးကွက်တန်ဖိုး ဒေါ်လာ ၃ ဒသမ ၁ ထရီလီယံအထိ ရှိခဲ့ကြောင်း MWC ပွဲကို ကမကထ ပြုကျင်းပသည့် GSMA အဖွဲ့က ပြောသည်။

“အီလက်ထရောနစ် လုပ်ငန်းဟာ ကမ္ဘာ့စတုတ္ထ အကြီးဆုံး လုပ်ငန်းနယ်ပယ် ဖြစ်နေပါပြီ”ဟု ဘာစီလိုနာမြို့ အော်တိုနားမတ်စ် တက္ကသိုလ်မှ လက်နက်ကိုင် ပဋိပက္ခ ဒေသများဆိုင်ရာ ကျွမ်းကျင်သူ ဂျိုးဆက်ပ်မာရီယာရိုယိုက ပြောသည်။

“အီလက်ထရောနစ်လုပ်ငန်း ကျယ်ပြန့်လာတာနဲ့အတူ ရှားပါးသဘာဝ သယံဇာတ ထုတ်ယူတဲ့ လုပ်ငန်းတွေဟာလည်း ပိုတွင်ကျယ်လာပြီး လုပ်အားခေါင်းပုံ ဖြတ် မှု၊ ညှဉ်းပန်းခိုင်းစေ မှုတွေဟာလည်း ပိုများလာတယ်။ နည်းပညာ လုပ်ငန်းကြီးတွေ အနေနဲ့ ကိုယ်သုံးမယ့် ကုန်ကြမ်းဟာ မျှမျှတတနည်းနဲ့ ထုတ်ထားတဲ့ လုပ်ငန်းတွေဆီကလာတဲ့ ကုန်ကြမ်းမျိုးဖြစ်အောင် ဂရုစိုက်ကြရပါမယ်”ဟု ဂျိုးဆက်ပ် မာရီယာရိုယိုက ထောက်ပြပြောကြားသည်။

နိုင်ငံတကာ မိုဘိုင်းဖုန်း လုပ်ငန်းများသည် ကွန်ဂိုဒီမိုကရက် တစ်ပြည်သူ့ သမ္မတနိုင်ငံ၏ ပြည်တွင်းစစ်ကို မီးထိုးပေးခဲ့သည့် အဓိကလက်သည် တစ်ခုဟုလည်း နိုင်ငံတကာ အန်ဂျီအိုများက စွပ်စွဲထားသည်။ စမတ်ဖုန်းများတွင်သုံးသော ရှားပါးဓာတ်သတ္တုကို ဘော့နှင့် ကိုလ်တန်တို့ ထွက်ရှိရာ သတ္တုတွင်းများသည် လက်နက် ကိုင်တပ်ဖွဲ့များ၏ စားကျက်လုရာ နေရာများဖြစ်သလို၊ ထိုသတ္တု တွင်းများတွင် လုပ်ကိုင်နေကြသူ များသည်လည်း လုပ်အားခေါင်း ပုံဖြတ်မှု၊ နှိပ်စက်ညှဉ်းပန်း ခံရမှုများနှင့် ကြုံတွေ့ခဲ့ရသည်။

ကမ္ဘာတစ်ဝန်းကို ဘော့ထွက်ရှိမှု ထက်ဝက်သည် ကွန်ဂိုဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံမှ ဖြစ်ကြောင်း ဘာစီလိုနာမြို့ တည်ရှိသည့် စပိန်အရှေ့မြောက်ပိုင်း ကတာလိုနီးယား ဒေသဆိုင်ရာ နိုင်ငံတကာ ပွင့်လင်းမြင်သာ အဖွဲ့ကြီး၏ အကြီးအကဲ မာရီယာကာနာ ဒက်စ်က ပြောသည်။

“ကွန်ဂိုကလာတဲ့ ကိုဘော့ ၂၀ ရာခိုင်နှုန်းလောက်ဟာ နိုင်ငံတောင်ပိုင်း သတ္တုတွင်း တွေကလာတာ။ အဲ့ဒီ သတ္တုတွင်းတွေဟာ အ

ခြေအနေ အဆိုးဆုံးပဲ။ လုပ်သားတွေဟာ ဘာကိရိယာ၊ ဘာအကာအကွယ်မှမရှိဘဲ လက်နဲ့တူး၊ လက်နဲ့သယ်နေကြရတယ်” ဟု မစ္စစ် ကာနာဒက်စ်က ပြောသည်။

နိုင်ငံတကာ ပွင့်လင်းမြင်သာ အဖွဲ့ကြီး (Amnesty Internati-onal) က ထိုသတ္ထုတွင်းများ၏ ဆိုးဝါးသော အခြေအနေများကို ယခုနှစ် ဇန်နဝါရီတွင် အစီရင်ခံစာ ထုတ်ပြန်ဖူးသည်။ ထိုသတ္တုတွင်း များတွင် ကလေးလုပ်သားများလည်း အသုံးချနေပြီး မိုးလင်းမိုးချုပ်၊ တစ်ပတ် ခုနစ်ရက်၊ ခေါင်းပုံဖြတ်မှုများ အောက်တွင် ကလေးများ အလုပ်လုပ်နေရကြောင်း အစီရင်ခံစာက ဖော်ပြသည်။

ကမ္ဘာတစ်ဝန်း သတ္တုတွင်းများတွင် ကလေးလုပ်သား လေးသောင်းဝန်းကျင် ရှိနိုင်သည်ဟု ကုလသမဂ္ဂ ကလေးများဆိုင်ရာ အဖွဲ့ကြီး ယူနီဆက်ဖ်၏ အစီရင်ခံစာကလည်း ဖော်ပြသည်။

“တချို့ကလေးတွေဆိုရင် မိုးလင်းမိုးချုပ် မြေအောက်ထဲမှာချည်း အချိန်ကုန်နေကြလို့ နေရောင်တောင် မမြင်ဖူးဘူးလို့ ပြောကြတယ်” ဟု မစ္စစ် ကာနာဒက်စ်က သူကိုယ်တိုင် ကလေးများကို သွားရောက်အင်တာ ဗျူးခဲ့စဉ်က အကြောင်းများ ပြောပြသည်။

“MWC ပွဲက နည်းပညာ ကုမ္ပဏီကြီးတွေ ဒီအကြောင်းတွေ မသိဘဲ မနေပါဘူး။ သိနေပေမယ့် ဒီအကြောင်းတွေ ဆွေးနွေးဖို့ဆို ရှောင်ဖယ်ရှောင်ဖယ် လုပ်နေကြတုန်းပါ။ ဒီပြဿနာတွေ ပြေလည်သွားအောင် ဖြေရှင်းဖို့ အားထုတ်တယ် ဆိုတာမျိုးကတော့ တော် တော်ကို ရှားပါသေးတယ်”ဟု မစ္စစ်ကာနာဒက်စ်က ဆိုသည်။

မျှတကုန်သွယ်ရေး စည်းမျဉ်းနှင့်ညီသော ကုန်ကြမ်းများကိုသာ အသုံးပြုရေးတွင် Fairphone က စံနမူနာပြ ကုမ္ပဏီအဖြစ် ရပ်တည်နိုင်ဖို့ ကြိုးစားနေသည်။ Fairphone ပထမဆုံးဖုန်းကို ဥရောပတွင် လူခြောက်သောင်းလောက် ဝယ်ယူသုံးစွဲ ခဲ့ကြသည်။ Fairphone 2  ကိုလည်း အလုံးရေ သုံးသောင်းလောက်အထိ ရောင်းချထားပြီး ဖြစ်ကြောင်း သိရသည်။

“လူ့အခွင့်အရေး ချိုးဖောက်တဲ့ လုပ်ရပ်တွေ ကင်းစင်ပြီး မျှမျှတတနည်းလမ်း၊ သန့်သန့်ရှင်းရှင်း နည်းလမ်းနဲ့ ထုတ်လုပ်ထားတဲ့ ဖုန်းမျိုးတွေကို လူတွေက ဝယ်သုံးလိုစိတ် ရှိတယ်ဆိုတာ Fairphone က သက်သေ ပြနိုင်မယ်ဆိုရင် တခြားဖုန်းကုမ္ပဏီတွေနဲ့ နည်းပညာပစ္စည်း ကုမ္ပဏီတွေဟာလည်း သန့်ရှင်းတဲ့ နည်းပညာပစ္စည်းတွေ ထုတ်လုပ်ဖို့ ပိုမိုစိတ်အား ထက်သန်လာကြမယ်လို့ ယုံကြည်ပါတယ်” ဟု Fairphone ၏ အများ ပြည်သူဆက်ဆံရေး မန်နေဂျာဒါရီရာ ကိုရီနူရှကီယာကလည်း သုံးသပ်ပြောကြားသည်။

“တစ်နေ့မှာတော့ Mobile World Congress နဲ့ Mobile Social Congress တို့ဟာ  တစ်သားတည်း တစ်သဘောတည်းဖြစ်တဲ့ အဆင့်ထိ နည်းပညာလုပ်ငန်း နယ်ပယ်သန့်စင် သွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟု မစ္စတာ ကိုရီနူရှကီယာက ဆိုသည်။

Ref: The dark side of world’s lucrative mobile phone industry by Daniel Bosque (AFP)