Intel ရဲ့ နောက်ဆုံး ပြင်ဆင်ချက် ၂၀၁၅ လမ်းပြမြေပုံ

larger-14-INTEL-Krzanich-1-.jpg

သတင်းနဲ့ ဆက်သွယ်ရေး  လုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံမှု လုပ်ကိုင်နိုင်ရေး ဦးတည်ချက်နဲ့ ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့က စင်တာကလာရာမှ တွေ့ဆုံဆွေးနွေး ပွဲကြီးတစ်ခုကို Intel က ဦးဆောင်ပြီး ကျင်းပခဲ့တယ်။ Intelရဲ့ စီအီးအို Brian Krzanich အနေနဲ့  ရင်းနှီးမြှုပ်နှံသူများ မျှော်မှန်း လုပ်ကိုင်နိုင်ရန်အတွက်  နောက်ဆုံးပြင်ဆင် ထားရှိပြီးဖြစ်တဲ့ ၂၀၁၅ လမ်းပြမြေပုံကို ချပြဆွေးနွေး သွားတယ်။   အထူးသဖြင့် ပီစီလုပ်ငန်း သမားများ၊ မိုဘိုင်းနဲ့ ဆက်သွယ်ရေး လုပ်ငန်းသမားများကို ပရိုဆက်ဆာ သစ်များနဲ့ ထုတ်လုပ်ပံ့ပိုး နိုင်မယ့်အကြောင်းကို အသေးစိတ်ပြောကြား သွားခဲ့တာ ဖြစ်တယ်။ Intel ကုမ္ပဏီကြီးကို ပူးတွဲတည်ထောင် ခဲ့သူတစ်ဦးဖြစ်တဲ့ Gordon Moore ရဲ့ Moore’s Law နဲ့အညီ ၁၉၆၅ ခုနှစ်ကစပြီး ၂ နှစ်ကြာ တိုင်း chip တစ်ခုပေါ်မှာ ပါရှိတဲ့ ထရန်စစ္စတာ အရေအတွက် နှစ်ဆတိုးမြှင့် တည်ဆောက် ကြလိမ့်မယ် ဆိုတဲ့အတိုင်း ဒီနေ့ဒီအချိန်အထိ အမှန်တကယ် ထုတ်လုပ်ဖြစ်ထွန်း လာခဲ့ကြောင်းကို အစချီပြီး နောက်ဆုံး ထုတ်လုပ်ယူမယ့် chip သဘာဝအထိ ရှင်းလင်း ပြောကြားသွားတယ်။

ဆာဗာနဲ့ တစ်ကိုယ်ရေသုံး ကွန်ပျူတာ အပါအဝင် ပီစီထုတ်လုပ် သူများအတွက် Cores အရေအတွက် တိုးမြှင့်ဆောင်ရွက်တဲ့ စနစ်ကို အသုံးချခဲ့သလို mobile chip တို့ modem တို့၊ Bluetooth parts တို့အတွက်လည်း အဆင့်မြှင့်တင်ယူကာ စမတ်ဖုန်းနဲ့ တက်ဘလက် ထုတ်လုပ်ရေးကို အလေးထား ထုတ်လုပ် နေတာတွေကို လက်ငင်း အခြေအနေမှာ မြင်တွေ့နေကြ ရတယ်။ ပီစီလုပ်ငန်း ဖောက်သည်များ အုပ်စုတာဝန်ခံ မန်နေဂျာ Kirk Skaugen ကတော့ ၂၀၁၅ ခုနှစ် မှာ မျှော်လင့်ထားတဲ့ အခြေအနေထက် ပီစီဈေးကွက် တိုးတက် အောင်မြင်မှုတွေ  မြန်ဆန်စွာရှိလာ လိမ့်မယ်လို့ ဆိုတယ်။ တစ်ကိုယ်ရေသုံး ကွန်ပျူတာ ထုတ်လုပ်သူတွေ အနေနဲ့ Form Factor အသစ်နဲ့ ဒီဇိုင်းအသစ်တွေ အမျိုးမျိုး ဖန်တီးကြရင်း အမြောက်အမြား ထုတ်လုပ်လာနိုင်စရာ အကြောင်းရှိပါတယ်။

Intel ကုမ္ပဏီထုတ် Celeron နဲ့ Pentium Processors တွေမှာ ယခုအခါ Bay Trail-M ပလက်ခေါင်းကို အခြေခံပြီး တည်ဆောက်ထားမှု ၈၃ ရာခိုင်နှုန်းလောက် ရှိတယ်ဆိုတာကို သိရှိထားကြပြီး ဖြစ်ပေမယ့်လည်း နောက်ဆုံး ပြင်ဆင်ချက်ပါ  ၂၀၁၅ ခုနှစ် လမ်းပြမြေပုံကို မြင်တွေ့ရတဲ့အခါ အံ့အားသင့်စရာ အချက်တော်တော် များများရှိခဲ့တယ်။ ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းမှာ 14nm Core M System ကို စတင်တင်ပို့ ရောင်းချမယ်လို့ Skaugenက ထုတ်ဖော်ပြောကြား တာကြောင့် Core Architecture ကို အခြေခံ ထုတ်လုပ်မှုတွေလည်း ဆက်လက်ပြု လုပ်ဆဲဆိုတာ ပေါ်လွင်နေတယ်။ ပဉ္စမမျိုးဆက် ကိုးပရိုဆက်ဆာ (Broadwell) ကို ၂၀၁၅ ခုနှစ်  နွေဦးပေါက် ကာလမှာ စတင်တင်ပို့ ရောင်းချဖို့ အစီအစဉ် ထားရှိကြောင်း သိရသလို တစ်ချိန်တည်းမှာ Celeron နဲ့ Pentium ပရိုဆက်ဆာ အမျိုးအစားတွေအတွက် Braswell ကိုထုတ်လုပ် ရောင်းချပါလိမ့်မယ်။ Bay Trail-M တွေ အစား Braswell ဝင်ရောက်စေမယ့် သဘောဖြစ်တယ်။ ဆဋ္ဌမမျိုးဆက် ကိုးပရိုဆက်ဆာဖြစ်တဲ့ Skylake ကို ၂၀၁၅ ခုနှစ်နှောင်းပိုင်းမှာ ထုတ်လုပ်နိုင်မယ်လို့လည်း အစီအစဉ် ဆွဲထားလိုက်သေးတယ်။ ဘယ်လိုပင်ဖြစ်ဖြစ် ၂၀၁၅ ခုနှစ်အတွက် အလွန်မြန်ဆန်တဲ့ ကူးပြောင်းကာလတွေ ဖြစ်လာစေရမယ်လို့ Skaugen က အာမခံသွားတယ်။

Broadwell ဒါမှမဟုတ် Skylake တွေကို ဘယ်လိုလက်ပ်တော့ နဲ့ ဒက်စ်တော့ပ်တွေမှာ ပါဝင်မယ်ဆိုတဲ့ အသေးစိတ် အချက်အလက်တော့ ထုတ်ပြန်ကြေညာခဲ့ခြင်း မရှိသေးပေမယ့်လည်း Intel ရဲ့ CPU တွေမှာ ချိတ်ဆက် ပါရှိလာမယ့် ဂရပ်ဖစ် စွမ်းရည်ကတော့ သိသိသာသာ တိုးမြင့်လာစေမှာ ဖြစ်တယ်။ ၂၀၀၆ ခုနှစ်က ကုမ္ပဏီထုတ် ဂရပ်ဖစ် ဖြည့်ဆည်းမူ၏ အားထက် အဆပေါင်း ၁၀၀ လောက် စွမ်းဆောင်ရည် မြင့်မားလာမှာ ဖြစ်တဲ့အတွက် Dish Wi-Fi  cards တွေရဲ့ ၈၀ ရာခိုင်နှုန်း လောက်ကို ပံ့ပိုးပေးနိုင် လိမ့်မယ်။ ဒါ့အပြင် v Pro  Security ရဲ့ စွမ်းပကားကလည်း လုပ်ငန်းဆောင်တာ ဆိုင်ရာကိစ္စတွေကို လုံလုံခြုံခြုံ ပူးတွဲဆောင်ရွက် ပေးနိုင်တယ်။

မိုဘိုင်း ထုတ်ကုန်များနဲ့ ပတ်သက်တဲ့ road maps ပုံစံကလည်း အပြောင်းအလဲ အများကြီး ရှိသွားမယ်လို့ မိုဘိုင်းနဲ့ ဆက်သွယ်ရေး အုပ်စုဆိုင်ရာ အထွေထွေမန်နေဂျာ Hermann Eul  ကလည်း ညွှန်းဆိုခဲ့တယ်။ ၂၀၁၄ ခုနှစ်မှာ တက်ဘလက်သုံး ပရိုဆက်ဆာပေါင်း သန်း ၄၀ လောက် တင်ပို့ရောင်းချ နိုင်ခဲ့တယ်လို့ သိရတယ်။ လာမည့်နှစ်မှာ SoFIA တွေကို မိတ်ဆက်ဆောင်ရွက် လာလိမ့်မယ်။ chip လေးတစ်ခုတည်းပေါ်မှာ Intel’s Modem နဲ့အခြား feature တွေ  ပါဝင်လာစေမယ့် Atom Core အမျိုးအစားနဲ့ ပေါင်းစပ်ပါဝင်စေမယ့် နည်းလမ်းဖြစ်တယ်။ အထူးသဖြင့် တရုတ်နိုင်ငံမှ Rockchip နဲ့ Spread turn ဆိုတဲ့ Intel ရဲ့ ပါတာနာတွေက SoFIA အခြေခံထားတဲ့ ထုတ်ကုန်တွေကို ဈေးကွက် ဖြန့်ယူစေပါ လိမ့်မယ်။ မိုဘိုင်း ပလက်ဖောင်းမှာ Value အဆင့်နဲ့ Entry အဆင့်နှစ်ခု စလုံးမှာ နောက်ဆုံး အခြေအနေဖြင့် ပြောင်းလဲ မြှင့်တင်မှုတွေ ရှိနေမှာဖြစ်ကြောင်းကို Hermann Eul ရဲ့ ရှင်းလင်းချက်တွေမှာ ပါဝင်ခဲ့တယ်။ ဒီအတွက် Bay Trail Entry (Quad Core Intel Atom) နဲ့ အတူ SOFIA 3G (Integrated 3G Dual Core) SOFIA 3G-R(Integrated 3G Quad Core Atom) SOFIA LTE (Integrated LTE Quad Core Atom) တို့ကို ၂၀၁၅ ခုနှစ်မှ ဆက်တိုက် ထုတ်လုပ် ရောင်းချမှာ ဖြစ်တယ်။ ၂၀၁၆ ခုနှစ်မှာ SOFIA LTE 2 (Quad Core 14mm) ကို ဆက်လက် ထုတ်ဖို့ အစီအစဉ်ချ ထားတယ်။

Performance အဆင့်နဲ့ Mid အဆင့်ဝင် မိုဘိုင်းပလက်ဖောင်းမှာ ၂၀၁၅ ခုနှစ်အတွက် LTE Advanced တို့ Bay Trail တို့ Moore field တို့ Cherry Trail တို့  ထုတ်လုပ်မှာ ဖြစ်ပြီး ၂၀၁၆ ခုနှစ်အတွက် Broxton နဲ့ SoFIA MID တို့ ထုတ်လုပ် ရောင်းချမယ့် အစီအစဉ် ဖြစ်တယ်။

Data Center အုပ်စုနဲ့ ပတ်သက်ပြီး အထွေထွေ မန်နေဂျာဖြစ်သူ Diane Bryant က ၂၀၁၅ ခုနှစ်ရဲ့ လမ်းပြမြေပုံကို ရှင်းလင်းပြော ကြားပေးတယ်။ ဆာဗာအဆင့်ဝင် ပလက်ဖောင်းအတွက် ထုတ်လုပ်ပေးမယ့် chips အကြောင်းတွေ ဖြစ်တယ်။ ဒါပေမဲ့ server chips ဆိုတာ နှစ်ဆင့် အဆင့်မြှင့်လေ့ရှိတဲ့ အခြေအနေမျိုး မရှိနိုင်ပေ။ Intel မှာ Standard Xeon နဲ့ Atom Server Processor များကို ထုတ်လုပ်လေ့ ရှိတယ် ဆိုပေမယ့်လည်း Customized Versions အရေအတွက် ၃၅ ခု အထိ ရှိပါတယ်။ Customization ကိစ္စဆိုရာမှာ Core တွေ ထပ်မံဖြည့်ပေးတာမျိုး တွေရှိနိုင်သလို ဂရပ်ဖစ်စွမ်းဆောင်ရည် ထပ်ထည့်တာမျိုးလည်း ရှိနိုင်တယ်။ ပါဝါသုံးစွဲမှုနဲ့ ပတ်သက်ပြီး လိုအပ်သလို အသုံးချနိုင်စေမယ့် အစီအစဉ်မျိုးလည်း ပါဝင်နိုင်တယ်။ Bryant အနေနဲ့ Oracle ရဲ့ Exalogic Elastic Cloud တို့ Amazon web service ရဲ့ C4 instance အသစ်တို့ Microsoft ရဲ့ Azure G big data analytics တို့ HP ရဲ့ Iris Graphics ပါတဲ့ Xeon တို့အတွက် ထုတ်လုပ်ပေးတဲ့ Custom CPU များကို ထောက်ပြရင်း နောင်နှစ်မှာ ၅၀ ရာခိုင်နှုန်း ပိုမိုမြင့်တက် လာမယ့်အကြောင်း သတင်းပေး ပြောကြားခဲ့တယ်။ Intel ရဲ့ ၂၀၁၅ ခုနှစ် အတွက် နောက်ဆုံးအခြေပြ လမ်းပြမြေပုံကို ကြည့်ခြင်းအားဖြင့် မိုဘိုင်းနယ်ပယ်အတွက် အထူးကြိုးစား ဆောင်ရွက်ဆဲ ဖြစ်နေသလို ပီစီနယ်ပယ်အတွက် ပိုကောင်းစေဖို့ ကြိုးစားထားကြောင်း တစေ့တစောင်း တင်ပြပေး လိုက်ရပါတယ်။