Street Fighter V

16c81c99-07b1-4cd5-9e6b-4dedf8cb69d7.jpg

ကစားသူ တစ်ယောက်နဲ့တစ်ယောက်  အပြိုင်အဆိုင် တိုက်ခိုက်ရတဲ့ Versus fighting ဂိမ်းတွေဟာ ၁၉၉၀ ကျော်ကာလတွေမှာ အကြွေစေ့ထည့်ကစားရတဲ့ Arcade game center တွေမှာ အရမ်းလူကြိုက်များ အောင်မြင်ခဲ့ပါတယ်။ ၁၉၉၁ မှာ စတင်ထွက်ရှိလာတဲ့ Street Fighter II ကြောင့် Arcade game လောကမှာရော home console လောကမှာပါ Versus fighting ဂိမ်းတွေ အလွန်ခေတ်စားခဲ့ပါတယ်။ Street Fighter ရဲ့ အောင်မြင်မှုကြောင့်ပဲ King of Fighters, DarkStalkers, Virtual Fighters နဲ့ Tekken တို့လို Versus fighting ဂိမ်းတွေ Arcade နှင့် Console တွေမှာ အမြောက်အမြားထွက်ရှိခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ကာလတွေမှာတော့ နှစ်ယောက်တည်းသာ အများစု ကစားရတဲ့ Versus ဂိမ်းတွေ အရင်လောက် ခေတ်မစားတော့ဘဲ လူအများကြီး တစ်ပြိုင်တည်း ကစားလို့ရတဲ့ အခြားဂိမ်း အမျိုးအစားတွေကို အာရုံပိုစိုက်လာကြပါတယ်။ ဒါပေမဲ့ ၂၀၀၈ မှာ Street Fighter IV (SF IV) ထွက်ရှိလာပြီး အထူး အောင်မြင်ပြီးနောက်မှာတော့ Versus fighting  ဂိမ်း အသစ်တွေကို အရင်ကထက်ပိုပြီး  ပြန်လည် ထုတ်လုပ်လာကြပါတယ်။ ယခုနောက်ဆုံး ထွက်ရှိထားတဲ့ Street Fighter V ကတော့ Street Fighter ဂိမ်းစီးရီးရဲ့ နောက်ဆုံးထွက် ဂိမ်းသစ်ဖြစ်ပါတယ်။ Developer/ Publisher Capcom က Street Fighter ဂိမ်းတော်တော်များများကို characters  အသစ်နှင့် game balance များ ထပ်ထည့်ပြီး version မျိုးစုံထုတ်လေ့ရှိတဲ့အတိုင်း Street Fighter IV တုန်းကတော့ Ultra တွေ Super Edition တွေကို မျိုးစုံနေအောင် ထုတ်ထားပေမယ့် အခု SF V မှာတော့ ပုံစံပြောင်းသွားပြီဖြစ်ပါတယ်။ အရင် Nintendo နဲ့ Arcade machine တွေအတွက် Street Fighter II ထွက် တုန်းကဆိုရင် Street Fighter II, SF II Champion Edition, SF II Turbo, Super Street Fighter II, SSF II Turbo, SSF II Turbo Revival ဆိုပြီး Edition မျိုးစုံ ထုတ်လုပ်ခဲ့ပါတယ်။ အခုခေတ်မှာတောင် SSF II Turbo HD Remix ဆိုပြီး ပြန်ထွက်လိုက်ပါသေးတယ်။ အရင်ကလိုရှိပြီးသား အခွေတွေရဲ့ Edition မျိုးစုံကို ထပ်ခါတလဲလဲ ဝယ်စရာမလိုအောင်ရယ်နဲ့ နည်းပညာနှင့် Online  အသုံးပြုသူ ကစားသမား ပိုပိုပြီး ကျယ်ပြန့်လာတဲ့ခေတ်မှာ ဇာတ်ကောင်အသစ်တွေသာမကတော့ဘဲ Characters တွေရော၊ Updates တွေရော၊ Game Mode အသစ်ထည့်တာကအစ အားလုံးကို Online ကပဲ ဆက်လုပ်သွားမှာဖြစ်ပြီး ခုထွက်လာတဲ့ Street Fighter V အခွေကတော့ တစ်ခွေတည်းသော physical release ဖြစ်မယ်လို့ Capcom ကတော့ ကြော်ငြာ ထားပါတယ်။ နောက်ပိုင်း စိတ်ပြောင်းသွားရင်၊ ပရိသတ် တောင်းဆိုမှုများရင်တော့ မပြောတတ်ဘူးပေါ့။

လောလောဆယ်မှာတော့ Story Mode, Survival Mode နဲ့ Online Mode တွေ ပါဝင်ပါတယ်။ ဇာတ်ကောင် ၁၆ ကောင် ပါဝင်ထားသလို ဇာတ်ကောင်သစ်တွေကိုလည်း DLC အဖြစ် ထုတ်သွားပြီး in-game money သို့မဟုတ် real-life money တို့နဲ့ ဝယ်နိုင်မယ်ဆိုပြီး ပြောထားပါတယ်။ Story Mode နည်းနည်းတိုနေပြီး နောက်မှ ဇာတ်လမ်းသစ်တွေ ထည့်ပေးမှာရယ်၊ Arcade Mode တွေ Bonus Stage တွေမပါတာတွေကြောင့် အရင်လို Complete ကြီး အရမ်းမဖြစ်သေးသလို ခံစားရပေမယ့် အရေး အကြီးဆုံးဖြစ်တဲ့ Gameplay ပိုင်းကတော့ ကောင်းနေဆဲပဲဆိုတာ တွေ့ရမှာပါ။

Street Fighter V ရဲ့ Gameplay ကတော့ Versus Fighting ဂိမ်းတွေ ထုံးစံအတိုင်းပဲ one by one တိုက်ခိုက်ရတဲ့ Gameplay ဖြစ်ပြီး 2D Level plane  ပေါ်မှာ 3D Character Models တွေနဲ့ ကစားရမယ့် 2.5D Game ဖြစ်ပါတယ်။ Street Fighter III ကနေစပြီးတော့ မိတ်ဆက်ပေးခဲ့တဲ့ EX gauge  ကို ထည့်ထားပေမယ့် Ultra Combo တစ်မျိုးတည်းမဟုတ်တော့ဘဲ V-Skills, V-Reversals နဲ့ V-Triggers ဆိုပြီး သုံးမျိုး ထည့်ထားပါတယ်။ ပုံမှန် attack တွေ projectiles တွေ သုံးပြီးတော့ ရန်သူကို damage ထိရင်ပဲဖြစ်စေ၊ ကိုယ့်ကို damage လာထိရင်ပဲ  ဖြစ်စေ V-Gauge ကို တဖြည်းဖြည်း ပြည့်သွားမှာဖြစ်ပြီး V-Skills  ကတော့ ရန်သူတွေရဲ့ projectiles တွေကို ပြန်ပစ်ထုတ်တာတွေ၊ ရန်သူတွေရဲ့ တိုက်ခိုက်မှုကို ပြန်ပြီး parry ကာတာတွေမှာ  သုံးနိုင်ပြီး၊ V-Reversals ကတော့ ရန်သူတွေရဲ့ combo တွေ လာထိနေရင် အမြန် ပြန်ဖျက်ထုတ်နိုင်ပါတယ်။ အဓိက တိုက်စစ်နေရာမှာ သုံးရမှာဖြစ်ပြီးဝင်သွားတဲ့အခါမှာ ပွဲတစ်ခုလုံးရဲ့ အခြေအနေကို ပြောင်းစေနိုင်တဲ့ V-Trigger ကတော့ ကြည့်လို့လည်းကောင်းပြီး damage လည်း အများကြီးထိမယ့် တိုက်ကွက်တွေကို ထုတ်နိုင်ပါတယ်။ ဇာတ်ကောင်တွေ အနေနဲ့ကတော့ Ryu၊ Chun-Li နဲ့ M.Bison လိုမျိုး classics characters  တွေနဲ့အတူ ဇာတ်ကောင်သစ်တွေအဖြစ် Necalli, Laura နဲ့ F.A.N.G လိုမျိုး ဇာတ်ကောင်တွေလည်း ထပ်ပါလာပါတယ်။ ဂိမ်းထဲမှာ ပွဲတွေ ကစားရင်ရတဲ့ in-game money တွေနဲ့ နောက်ပိုင်း ဇာတ်ကောင်သစ်တွေကို ဝယ်နိုင်မှာဖြစ်ပြီး အစောပိုင်းကတော့ in-game challenge တွေကြောင့် in-game money ရဖို့လွယ်ပေမယ့် နောက်ပိုင်းမှာတော့ ပွဲများများ ကစားမှ ပိုရနိုင်မှာ ဖြစ်ပါတယ်။

Street Fighter V ဟာ main version တစ်ခုတည်း ထွက်ပြီး နောက်ပိုင်း DLC တွေနဲ့ free-updates တွေပါ ဝယ်လို့ရမယ့် ဇာတ်ကောင်တွေလည်း ပါဝင်တဲ့အတွက်ကြောင့် original ခွေ ဝယ်ပြီး နိုင်ငံတကာက ကစားသမားတွေနဲ့ ကစားရတာတန်တဲ့ ဂိမ်းဖြစ်သလို စောစောကစားပြီး in-game money တွေ ကြိုစုထားရင်တော့ နောက်ပိုင်း updates တွေ ထွက်လာတဲ့အခါမှာ အကောင်သစ်တွေ ချက်ချင်းရနိုင်မှာဖြစ်လို့ စောကစားလေ တန်လေဖြစ်မည့် Versus Fighting game fans တွေ နှစ်သက်မယ့် ဂိမ်းသစ် ဖြစ်ပါတယ်။