6GB RAM ပါဝင်သော Xplay 5 Elite စမတ်ဖုန်းကို Vivo မိတ်ဆက်

gsmarena_004.gif

တရုတ်နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော အထူးပွဲတစ်ခုတွင် Vivo က Xplay 5 စမတ်ဖုန်းကို မိတ်ဆက်ပေးခဲ့သည်။ Xplay 5 ကို Xplay 5 နှင့် Xplay 5 Elite ဟူ၍ မော်ဒယ်နှစ်မျိုးဖြင့် ရရှိနိုင်သည်။

Vivo Xplay 5 Elite သည် စွမ်းဆောင်ရည် ပိုမိုကောင်းမွန်သော အမျိုးအစားဖြစ်သည်။ ဖုန်းကိုယ်ထည်တစ်ခုလုံးကို သတ္တုဖြင့် ပြုလုပ်ထားပြီး dual-curved ၅.၄၃ လက်မ Super AMOLED Quad HD screen ကို Gorilla Glass 4 ဖြင့် ဖုံးအုပ်ထားသည်။ Snapdragon 820 chipset နှင့် 6GB RAM ကို အသုံးပြုထားပြီး သိုလှောင်မှုပမာဏ 128GB ဖြင့် သုံးနိုင်သည်။

ကျောဘက်တွင် 16MP (Sony IMX298) ကင်မရာ ပါဝင်ပြီး ၎င်းကို phase-detection AF နှင့် dual-tone LED flash ဖြင့် ရိုက်ကူးနိုင်သည်။ အရှေ့ဘက်ကင်မရာက 8MP ဖြစ်သည်။ Xplay 5 Elite ကို dual-SIM ဖြင့် သုံးနိုင်ပြီး LTE, Hi-Fi 3.0 နှင့် 3,600mAh ဘက်ထရီတို့ကို ထောက်ပံ့ပေးထားသည်။

Xplay 5 Elite ၏ ကျောဘက်တွင် fingerprint scanner တစ်ခုပါဝင်သည်။ Operating system အနေဖြင့် Android 5.1 Lollipop ကို အသုံးပြုထားသည်။ ၎င်းကို မတ်လ ၈ ရက်တွင် တရုတ်နိုင်ငံ၌ ၄,၂၈၈ ယွမ် (၆၅၅ ဒေါ်လာ) ဖြင့် ရောင်းချမည် ဖြစ်သည်။

Vivo Xplay 5 ကမူ Elite အမျိုးအစားထက် ဈေးသက်သာသည်။ Elite နှင့် ဒီဇိုင်းတူညီပြီး ၅.၄၃ လက်မ Super AMOLED QHD display နှင့် 128GB သိုလှောင်မှုပမာဏဖြင့် သုံးနိုင်သည်။ သို့သော်လည်း chipset အနေဖြင့် Snapdragon 652 ကို အသုံးပြုထားပြီး RAM က 4GB ဖြစ်သည်။ ၎င်းကို မတ်လ ၈ ရက်တွင် တရုတ်နိုင်ငံ၌ ၃,၆၉၈ ယွမ် (၅၆၅ ဒေါ်လာ) ဖင့် ရောင်းချမည်ဖြစ်သည်။

နိုင်ငံတကာဈေးကွက်များသို့ ရောင်းချမည့်အချိန်ကိုမူ ကုမ္ပဏီမှ ကြေညာခဲ့ခြင်း မရှိပေ။

Ref: GSMArena