မိုဘိုင်းဖုန်း Social Messaging ဆော့ဖ်ဝဲဖြစ်သော BeeTalk App မြန်မာဗားရှင်း ထွက်ရှိ

News-(2).jpg

ပြည်တွင်းမှ သုံးစွဲသူများ အလွယ်တကူ အသုံးပြုနိုင်ရန် အတွက် BeeTalk App မြန်မာဗားရှင်းကို အခမဲ့ဖြန့်ချိလိုက်ကြောင်း သိရသည်။ အဆိုပါ BeeTalk App သည် မိုဘိုင်းဖုန်း Social Messaging ဆော့ဖ် ဝဲ ဖြစ်ပြီး၊ ယခင်က ၎င်းဆော့ဖ်ဝဲကို iOS နှင့် Android OS များအတွက် အင်္ဂလိပ်ဗားရှင်း အနေဖြင့်သာ ထုတ်လုပ်ခဲ့သော်လည်း ယခုအချိန်တွင် ပြည်တွင်းရှိ သုံးစွဲသူများအတွက် ရည်ရွယ်၍ မြန်မာဗားရှင်းကိုထပ်မံ ထုတ်လုပ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

“BeeTalk က social messaging app ဖြစ်ပါတယ်။ တခြား app တွေနဲ့ အဓိက ကွာခြားချက်ကတော့ BeeTalkဟာ ကိုယ်နဲ့ မသိသေးတဲ့သူတွေနဲ့ မိတ်ဆွေဖွဲ့နိုင်ခြင်းကို အဓိကထား ရည်ရွယ်ပါတယ်။ မြန်မာနိုင်ငံ က သုံးစွဲသူများ အတွက် လွယ်ကူစွာ အသုံးပြုနိုင်ဖို့ BeeTalk ကို  မြန်မာ version ထုတ်လုပ်ထားပါတယ်။ ကျွန်တော်တို့ အဖွဲ့ကလည်း သုံးစွဲသူတွေအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါတယ်” ဟု BeeTalk မိုဘိုင်းမှ Business Development Manager Mr Han Cheng က ပြောသည်။

BeeTalk App သည် အရှေ့ တောင်အာရှနိုင်ငံများဖြစ်သော ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား နှင့်  ဗီယက်နမ်နိုင်ငံများတွင် လူကြိုက်များသော ဆော့ဖ်ဝဲတစ်ခုဖြစ်ပြီး ၎င်း App တွင် အသင်း၊ လျှောက်ကြည့်၊ တိတ်တိတ်လေး ပို့၊ အခမဲ့ ဖုန်းခေါ်ဆိုခွင့်နှင့် စာပို့ခွင့်၊ အရေးအခြစ်၊ ကပ်ခွာ၊ အုပ်စုလိုက်စာပို့ခြင်း စသည့် လုပ်ဆောင်ချက်များ ပါဝင်မည်ဖြစ်သည်။ App အသုံးပြုသူ အချင်းချင်း အသင်းများ တည်ထောင်ခြင်း၊ သူငယ်ချင်းအသစ်များကို ရှာဖွေကာ မိတ်ဖွဲ့ခြင်း၊ ဖတ်ပြီးသည်နှင့် တစ်ပြိုင်နက်လျှို့ဝှက် ဆန်းကြယ်စွာ ပျောက်ကွယ် သွားနိုင်သည့် လျှို့ဝှက်စာများကို ပေးပို့နိုင်ခြင်း၊ အ ကန့်အသတ် မရှိသော စကားပြောခြင်း၊ စာများနှင့် အသံမှတ်တမ်းများပေးပို့ခြင်း၊  ပုံများရေးဆွဲပေးပို့ခြင်း၊ ချစ်စဖွယ် ကပ်ခွာများပေးပို့ခြင်းနှင့် အဖွဲ့လိုက်၊ အသင်းလိုက် ဆန္ဒထုတ်ဖော်ခြင်းများကိုပါ ပြုလုပ်နိုင်မည်ဖြစ်သည်။  မိမိ အနီးနားရှိ သူငယ်ချင်းများနှင့် အတူ အသုံးပြုနိုင်မည့် အပြင်အခြား မိမိမသိသူများဖြင့်လည်း ချိတ်ဆက် အသုံးပြုနိုင်မည်ဖြစ်သည်။

” ကျွန်တော်တို့ BeeTalk မှာ ထူးခြားတဲ့ စနစ်တွေပါရှိပါတယ်။ လျှောက်ကြည့် ရန်ဆိုတဲ့ စနစ်မှာဆိုရင် ကိုယ့်ရဲ့လက်ရှိ တည်နေရာ ကိုအသုံးပြုပြီး နီးစပ်ရာမှာရှိတဲ့ အခြားအသုံးပြုသူတွေကို လိုက်ရှာလို့ ရပါတယ်။ နောက်ထပ် အသစ်တစ်ခုကတော့ သုံးစွဲသူ တစ်ယောက်က ကိုယ်ဝါသနာပါတဲ့ အသင်းအဖွဲ့ကို ဦးဆောင် တည်ထောင်တာမျိုး ပြုလုပ်နိုင်ပါတယ်။ ဥပမာ – ဘော လုံးအသင်းတို့၊ ဂိမ်းအသင်းတို့၊ ဂီတ အသင်းတို့ စတဲ့ အသင်းတွေကို တည်ထောင်ပြီး အခြား အလားတူ ဝါသနာပါသူတွေအချင်းချင်းစကားပြောတာ၊ ဗဟုသုတ ဖလှယ်တာမျိုးနဲ့ အစီအစဉ်တွေကို ဝိုင်းဝန်း စီစဉ်တာမျိုးတွေ လုပ်နိုင် ပါတယ်” ဟု BeeTalk မိုဘိုင်းမှ ကိုထူးအောင်ဦးက ရှင်းပြသည်။

BeeTalk App ကို Android ဗားရှင်း 2.3.3 နှင့် အထက်တွင် ထည့်သွင်းအသုံးပြုနိုင်မည် ဖြစ်ပြီး App ၏ဖိုင်အရွယ်စား 21MB ရှိကာ Google PlayStore မှ အခမဲ့ရယူအသုံးပြုနိုင်မည်ဖြစ်သည်။ လက်ရှိ ပြည်တွင်း တွင် အသုံးပြုသူဦးရေ များပြားသော Social Messaging App များမှာ MyChat, Facebook Messenger နှင့် Viber App များဖြစ်ပြီး ပြည်တွင်းတွင် Viber အသုံးပြုသူဦး ရေ ၅.၅ သန်း ဝန်းကျင် ရှိကြောင်း Viber ၏ တရားဝင် ထုတ်ပြန်ချက်များအရ သိရသည်။