Yangon Heartz Media & Bussiness Solution မှ လေးကြိမ်မြောက် App Expo 2016 အားကျင်းပပြုလုပ်

12734085_10205919778774692_3918532124855508563_n.gif

Yangon Heartz Media & Bussiness Solution မှ ဦးဆောင်ပြုလုပ်သည့် လေးကြိမ်မြောက် Mobile Apps & Software Exclusive Exhibition ကို App Expo 2016 အမည်ဖြင့် ဖေဖော်ဝါရီလ ၂၅ ရက်နှင့် ၂၆ ရက်များတွင် ရန်ကုန်မြို့၊ လှိုင်တက္ကသိုလ်နေမြေအတွင်းရှိ MICT Park (Conference Hall) နှစ်ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့သည်။

“ကျွန်တော်တို့ အခုကျင်းပတဲ့ App Expo 2016 ကတော့ လေးကြိမ်မြောက်ရှိပါပြီ။ ကျွန်တော်တို့ဒီပွဲကို ၂၀၁၃ ခုနှစ်ကနေ စတင်ကျင်းပလာတာဖြစ်ပါတယ်။ ဒီပွဲမှာ ကျွန်တော်တို့ Mobile Application တွေအပြင် လုပ်ငန်းသုံး Software တွေလည်း ပါဝင်မှာဖြစ်ပါတယ်။ အဓိကဒီပွဲကို ကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ ဒီ Mobile App ဈေးကွက်နဲ့ Software ဈေးကွက်ကို ရရှိချင်လို့ဖြစ်ပါတယ်။ အဓိကကတော့ ဒီပွဲကို လာရောက်မယ်ဆိုရင်တော့ App တွေရဲ့ အသုံးပြုပုံတွေကိုက သက်ဆိုင်ရာကုမ္ပဏီတွေကနေ အသေးစိတ် ရှင်းပြမှာဖြစ်တဲ့ အတွက် Mobile ဖုန်းအသုံးပြုသူတွေ၊ လုပ်ငန်းရှင်တွေအနေနဲ့ လာရောက်သင့်တယ်လို့ ထင်ပါတယ်။ တစ်နှစ်ထက်တစ်နှစ်လဲ ဒီပွဲကို စိတ်ဝင်စားတဲ့သူ များလာပါတယ်” ဟု Yangon Heartz Media & Bussiness Solution မှ Managing Director ကိုဇော်ဇော်မျိုးလွင် ကပြောပြခဲ့သည်။

အဆိုပါပွဲတွင် ယခုနှစ်တွင်မှ ပထမဦးဆုံးအကြိမ် ဝင်ရောက်ပြသခဲ့သည့် Global New Wave Technology ကုမ္မဏီမှလည်း “ကျွန်မတို့ဒီပွဲမှာမှ ပထမဆုံးအကြိမ် ဝင်ရောက်ပြသဖြစ်တာပါ။ ရည်ရွယ်ချက်ကတော့ တခြား Expo ပွဲတွေရှိပေမဲ့ ဒီပွဲက Mobile App တွေကို အဓိကထားပြီးကျင်းပတဲ့အတွက် ဖြစ်ပါတယ်။ ဒီပွဲကတစ်ဆင့် Mobile ဖုန်းအသုံးပြုသူတွေကို ဒီ Application နဲ့မိတ်ဆက်ပေးချင်တာပါ။ ကျွန်မတို့ ဒီ App ကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှာ စတင်ဖြန့်ချိခဲ့ပါတယ်။ အခုဆိုရင်တော့အသုံးပြုသူ ၁၀၀၀ ခန့်ရှိနေပြီဖြစ်ပါတယ်။ ဒီ App မှာ လောလောဆယ်အထိတော့ ပုဂံမြို့တစ်မြို့ပဲ ပါပါသေးတယ်။ ပုဂံမြို့ရဲ့ သွားချင်စရာအကောင်းဆုံးနေရာတွေ ဟိုတယ်တွေရဲ့ အချက်အလက်တွေ ဓာတ်ပုံရိုက် ဝါသနာပါသူတွေ အတွက် အကောင်းဆုံးနေရာတွေကို ပြည့်ပြည့်စုံစုံ ဖော်ပြပေးထားပါတယ်။ နောက်ပိုင်းမှာတော့ တစ်နိုင်ငံလုံး အတိုင်းအတာထိ ပါဝင်အောင် ထုတ်လုပ်သွားဖို့ ရှိပါတယ်။ လာမဲ့မေလ ၁ ရက်ကစပြီးတော့လည်း တစ်နိုင်ငံလုံးရှိ ဟတယ်ဘိုကင် လုပ်လို့ရမဲ့ စနစ်ကိုလည်း ထပ်မံထည့်သွင်းသွားဖို့ရှိပါတယ်။ ကျွန်မတို့ရဲ့ ဒီခရီးသွားလမ်းညွန် App ကို Google PlayStore ကနေ Best Trip Myanmar ဆိုပြီး အလွယ်တကူ Download ရယူနိုင်ပါတယ်” ဟု Global New Wave Technology ကုမ္ပဏီမှ Chief Operating Operator မချစ်မိုးပွင့်ဝေ ကပြောပြခဲ့သည်။

အဆိုပါပွဲတွင် ကုမ္ပဏီပေါင်း ၂၀ ခန့်မှ ၄င်းတို့ ဖန်တီးထားသည့် Mobile Application များနှင့် Software ပေါင်း ၃၀ ခန့်ကို ဝင်ရောက်ပြသခဲ့ကြကြောင်းသိရသည်။