Mobile messaging app Telegram ကို လစဉ်အသုံးပြုသူ သန်း ၁၀၀ ရှိ

Telegram-930x602.jpg

Mobile messaging app Telegram ကို လစဉ်အသုံးပြုသူဦးရေ သန်း ၁၀၀ ရှိကြောင်း ကုမ္ပဏီက ကြေညာခဲ့သည်။

ဘာစီလိုနာတွင် ကျင်းပပြုလုပ်လျက်ရှိသော Mobile World Congress (MWC) တွင် Telegram တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ ပါဗယ်ဒူရော့က ကုမ္ပဏီ၏ သမိုင်းမှတ်တိုင်သစ်ကို ကြေညာခဲ့ပြီး ပြီးခဲ့သည့်မေလနောက်ပိုင်းတွင် သုံးစွဲသူ ၃၈ သန်း တိုးပွားလာခဲ့ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ကုမ္ပဏီ၏ဝန်ဆောင်မှုကို မှတ်ပုံတင်သူဦးရေသည် တစ်နေ့လျှင် ၃၅၀,၀၀၀ ဦးရှိကြောင်းနှင့် နိုင်ငံပေါင်း ၂၀၀ ရှိ သုံးစွဲသူများက နေ့စဉ် message ၁၅ ဘီလီယံပေးပို့ကြကြောင်း ဒူရော့က အတည်ပြုခဲ့သည်။

Telegram ၏ တိုးတက်မှုနှုန်းသည် ၉ လအတွင်း ၆၀ ရာခိုင်နှုန်းအထိရှိခဲ့သည်။ သို့သော်လည်း မကြာသေးမီက Facebook ပိုင်ဆိုင်သော WhatsApp ကို လစဉ်သုံးစွဲသူဦးရေ တစ်ဘီလီယံရှိခဲ့ပြီး Facebook Messenger ကလည်း တစ်ဘီလီယံပြည့်လုနီးပါးရှိသောကြောင့် Telegram အနေဖြင့် ၎င်းတို့ကိုလိုက်မီရန် အလွန်ဝေးကွာနေဆဲဖြစ်သည်။

“ကျွန်တော်တို့ရဲ့မားကတ်တင်းဘတ်ဂျက်က သုညပါ။ အခုလို ၁၀၀ ရာခိုင်နှုန်း တိုးတက်မှုအပေါ် ပျော်ရွှင်မိသလို အရမ်းလည်းဂုဏ်ယူမိပါတယ်” ဟု ဒူရော့က ပြောကြားခဲ့သည်။

၂၀၁၃ ခုနှစ်က ပါဗယ်ဒူရော့နှင့် ၎င်း၏ညီဖြစ်သူ နီကိုလိုင်တို့က တည်ထောင်ခဲ့သော Telegram ၏ ဆာဗာများကို MTProto protocol ၏ ကာကွယ်ထားပြီး message များကို အလွယ်တကူဖျက်နိုင်ရန်အတွက် ၎င်း app တွင် secret chat feature ကို ထောက်ပံ့ပေးထားသည်။

Telegram ၏ တိုးတက်မှုနှုန်းတွင် Facebook ပိုင်ဆိုင်သော messaging ဝန်ဆောင်မှုကို အသုံးပြုရန် ဆန္ဒမရှိသောသူများကလည်း တစ်စိတ်တစ်ပိုင်းပါဝင်သည်။ ဒီဇင်ဘာလက ဘရာဇီးလ်တွင် WhatsApp ကို တားမြစ်ပိတ်ပင်ခဲ့ပြီးနောက် အဆိုပါနိုင်ငံတွင် Telegram ကို တစ်ရက်တည်း၌ download ပြုလုပ်သည့်အကြိမ် ၁ သန်းအထိ ရှိခဲ့သည်။

Ref: VentureBeat