Galaxy S7 နှင့် S7 Edge ကို Samsung တရားဝင် မိတ်ဆက်

cover.jpg

ကောလာဟလသတင်းများ ထွက်ပေါ်ခဲ့ပြီး လူအများမျှော်လင့်စောင့်စားနေကြသော Galaxy S7 နှင့် S7 Edge စမတ်ဖုန်းများကို Samsung က တရားဝင် မိတ်ဆက်ပေးလိုက်သည်။

Galaxy S7 တွင် ၅.၁ လက်မ 2560×1440 pixel Super AMOLED display ပါဝင်သည်။ Pixel သိပ်သည်းဆက 577 ppi ဖြစ်သည်။ အရွယ်အစားက ၁၄၂.၄ x ၆၉.၆ x ၇.၉ မီလီမီတာဖြစ်ပြီး အလေးချိန်က ၁၅၂ ဂရမ်ဖြစ်သည်။ ကိုယ်ထည်က ယခင်ထက်ပိုမိုကွေးညွှတ်ပြီး ကျောဘက်ကိုမူ Note 5 ကဲ့သို့ လျှောစောက်ပုံစံဖြင့် ပြုလုပ်ထားသည်။ အရှေ့ဘက်ရှိ အနားလေးဘက်စလုံးကိုမူ 2.5D ဖြင့် ဖန်တီးထားသည်။

Galaxy S7 Edge တွင်မူ ၅.၅ လက်မ display ပါဝင်သည်။ ၎င်း display ၏ အနားနှစ်ဘက်ကို ကွေးညွှတ်ထားပြီး အရွယ်အစားကလည်း ယခင်ထက် အနည်းငယ်ကြီးသည်။ အရွယ်အစားက ၁၅၀.၉ x ၇၂.၆ x ၇.၇ မီလီမီတာဖြစ်ပြီး အလေးချိန်က ၁၅၇ ဂရမ်ဖြစ်သည်။

၎င်းဟန်းဆက်နှစ်မျိုးတွင် Qualcomm Snapdragon 820 SoC နှင့် Samsung ၏ Exynos 8890 တို့ကို အသုံးပြုထားသည်။ Memory က 4GB ဖြစ်ပြီး သိုလှောင်မှုပမာဏက 32GB/64GB ဖြင့် ရရှိနိုင်သည်။ ထို့အပြင် microSD ကတ်မှတစ်ဆင့် 200GB အထိ တိုးမြှင့်သိမ်းဆည်းနိုင်သည်။

ကင်မရာအနေဖြင့် 12MP sensor ကို အသုံးပြုထားပြီး f/1.7 aperture နှင့် Dual Pixel နည်းပညာသစ်ကြောင့် အလင်းနည်းသည့် နေရာတွင် ဓာတ်ပုံရိုက်ကူးခြင်းကို အကောင်းဆုံး ပြုလုပ်ပေးနိုင်သလို အလွန်လျင်မြန်သော autofocus အမြန်နှုန်းဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။ ထို့အပြင် Motion Panorama feature သစ်ကလည်း အံ့အားသင့်ဖွယ်ရာ wide-angel ရိုက်ချက်များကို ဖန်တီးပေးနိုင်မည် ဖြစ်သည်။

ဘက်ထရီအနေဖြင့် S7 နှင့် S7 edge တွင် 3,000 mAh နှင့် 3,600 mAh ဘက်ထရီတို့ကို အသီးသီး အသုံးပြုထားသည်။ အားသွင်းရာတွင် ကြိုးဖြင့်ရော ကြိုးမဲ့စနစ်ဖြင့်ပါ လျင်မြန်စွာ အားသွင်းနိုင်သည်။ အခြားသော hardware feature များအဖြစ် Dual-band Wi-Fi ac, MIMO, Bluetooth v4.2, ANT+ အပြင် NFC နှင့် MST အထောက်အပံ့များ ပါဝင်သည်။

Software အပိုင်းတွင် TouchWiz ကို Android 6.0 Marshmallow နှင့် အသုံးပြုနိုင်မည် ဖြစ်သည်။ Edge သုံးစွဲသူများကမူ အဆင့်မြှင့်တင်ထားသော Edge Apps platform ဖြင့် သုံးနိုင်သည်။

Galaxy S7 နှင့် S7 Edge ကို ဖေဖော်ဝါရီလ ၂၃ ရက်တွင် ကြိုတင်မှာယူမှုပြုလုပ်နိုင်ပြီး အမေရိကန်တွင် မတ်လ ၁၁ ရက်၌ စတင်ရောင်းချမည်ဖြစ်သည်။

တန်ဖိုးမှာ Galaxy S7 အတွက် ဒေါ်လာ ၆၇၀ ဝန်းကျင်ကျသင့်နိုင်ပြီး S7 Edge အတွက် ဒေါ်လာ ၇၈၀ ကျသင့်မည်ဟု သိရသည်။

Ref: GSMArena