iPad တင်ပို့ရောင်းချမှု ယခုသုံးလပတ်တွင် အဆိုးရွားဆုံး ကျဆင်းဖွယ်ရှိ

11122015_iPad_Pro_8-780x585.jpg

Apple ၏ ယခုသုံးလပတ် iPad တင်ပို့ရောင်းချမှုသည် အဆိုးရွားဆုံးကျဆင်းနိုင်ကြောင်း အစီရင်ခံစာသစ်တစ်ရပ်အရ သိရသည်။

အဆိုပါ အစီရင်ခံစာတွင် ၂၀၁၆ ခုနှစ် ပထမသုံးလပတ်သည် Apple ၏ tablet များတင်ပို့ရောင်းချမှုအတွက် သမိုင်းတစ်လျှောက် အဆိုးရွားဆုံးကျဆင်းမှုဖြစ်ကာ အလုံးရေ ၉ .၈ သန်းသာ တင်ပို့ရောင်းချရဖွယ်ရှိကြောင်း ဖော်ပြခဲ့သည်။

၎င်းခန့်မှန်းချက် မှန်ကန်ခဲ့ပါက iPad တင်ပို့ရောင်းချမှုနှုန်းမှာ ပြီးခဲ့သည့် သုံးလပတ်ထက် ၃၉.၁ ရာခိုင်နှုန်းနှင့် ပြီးခဲ့သည့်နှစ် ပထမသုံးလပတ်ထက် ၂၀ ရာခိုင်နှုန်းနီးပါး ကျဆင်းမည်ဖြစ်သည်။

သို့ရာတွင် Apple သည် ကမ္ဘာတစ်ဝန်း tablet တင်ပို့ရောင်းချမှုတွင် ဦးဆောင်နေဆဲဖြစ်သည်။ Apple သည် ကမ္ဘာတစ်ဝန်းတင်ပို့ရောင်းချမှုတွင် ၂၁ ရာခိုင်နှုန်းရှိပြီး ၎င်း၏နောက်တွင် Samsung က ၁၄ ရာခိုင်နှုန်း၊ Lenovo က ၇.၂ ရာခိုင်နှုန်း၊ Amazon က ၅.၈ ရာခိုင်နှုန်း၊ Asustek က ၂.၇ ရာခိုင်နှုန်း၊ Microsoft နှင့် TCL က ၂.၆ ရာခိုင်နှုန်းစီ၊ LG က ၁.၈ ရာခိုင်နှုန်းနှင့် Acer က ၁.၂ ရာခိုင်နှုန်း အသီးသီးရပ်တည်လျက်ရှိသည်။

iPad ရောင်းအားမှာ ကျဆင်းနေသော်လည်း ၎င်းအမှတ်တံဆိပ်မှာ ကျော်ကြားနေဆဲဖြစ်သည်။ ပြီးခဲ့သည့်နှစ်က iPad သည် Twitter ၏ နာမည်အကျော်ကြားဆုံး နည်းပညာ hashtag အဖြစ် ရပ်တည်ခဲ့သလို iPad Pro ကလည်း အားလပ်ရက်ရာသီတွင် အရောင်းရဆုံးထုတ်ကုန်တစ်ခု ဖြစ်ခဲ့သည်။

Ref: CultofMac