iPhone ၏ ‘error 53’ ချို့ယွင်းချက်ကြောင့် Apple တရားစွဲဆိုခံရဖွယ်ရှိ

apple-touch-id-finger.jpg

iPhone ၏ home ခလုတ်ပျက်စီးသည့်အခါ Apple ကျွမ်းကျင်ပညာရှင်မဟုတ်သူများက အစားထိုးခြင်းကြောင့် Apple ၏ iOS 9 software နောက်ဆုံးဗားရှင်းကို upgrade ပြုလုပ်ပြီးသည့်အခါ ဖုန်းကို လုံးဝအသုံးပြု၍မရစေသည့်ကိစ္စရပ်များ ဖြစ်ပေါ်စေကြောင်း သိရသည်။

အဆိုပါ error သည် Apple ကျွမ်းကျင်ပညာရှင်ထက် တစ်စုံတစ်ဦးက home ခလုတ်ကို လဲလှယ်တပ်ဆင်ထားသည့် iPhone နှင့် iPad များကို disable ဖြစ်စေကြောင်း၊ ထို့နောက် ဖုန်း၏အချက်အလက်များ ပယ်ဖျက်ခံခဲ့ရပြီး ဖုန်းပိတ်သွားခဲ့ကာ “error 53” code ကို ဖော်ပြခြင်း ဖြစ်ကြောင်း ဆိုသည်။ ၎င်းချို့ယွင်းချက်ကို ယခုလတွင် The Guardian မှ စတင်ဖော်ပြခဲ့ခြင်း ဖြစ်သည်။

ဆီယက်တယ်လ်မြို့အခြေစိုက် ဥပဒေကုမ္ပဏီ PCVA က Apple အနေဖြင့် ဈေးနှုန်းမြင့်မားသော ၎င်း၏ ပြုပြင်ရေးဝန်ဆောင်မှုကို အသုံးမပြုသောကြောင့် ရည်ရွယ်ချက်ရှိရှိဖြင့် ထုတ်ကုန်များအား disable ပြုလုပ်နေသည့်အပေါ် သက်သေပြလိုလျက်ရှိသည်။ ထို့ကြောင့် အလားတူဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့သော iPhone သုံးစွဲသူများအနေဖြင့် လျော်ကြးငွေရရှိနိုင်မည့် တရားရင်ဆိုင်မှု တစ်ခုပြုလုပ်ရန် တိုင်ကြားချက်များ ရှာဖွေလျက်ရှိကြောင်း သိရသည်။

၎င်းချို့ယွင်းချက်သည် iPhone ၏ fingerprint sensor ချိုးဖောက်ဝင်ရောက်မှုကို ကြိုတင်ကာကွယ်ခြင်း ဖြစ်ကြောင်း Apple က ထုတ်ပြန်ခဲ့သည်။ “ကျွန်တော်တို့က သုံးစွဲသူတွေရဲ့ လုံခြုံရေးကို အလွန်အရေးတယူထားပါတယ်။ Error 53 ဟာ သုံးစွဲသူတွေကို ကာကွယ်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ လုံခြုံစစ်ဆေးမှု ရလဒ်တစ်ခု ဖြစ်ပါတယ်” ဟု ထုတ်ပြန်ခဲ့သည်။

သုံးစွဲသူများအနေဖြင့် error 53 ကြောင့် ဖုန်းရှိ အချက်အလက်များ ဆုံးရှုံးမှုနှင့်ပတ်သက်ပြီး Apple ၏ support message board များတွင် ဝေဖန်ခဲ့ကြသည်။ Apple ကမူ error 53 တွေ့ကြုံရသူများကို Apple Support ထံဆက်သွယ်ကြရန် တိုက်တွန်း အကြံပြုထားသည်။

Ref: CNET