မတ်လမကုန်မီ အရောင်းဆိုင်ပေါင်း (၁၀၀) ကျော်ဖွင့်လှစ်သွားရန် MPT စီစဉ်

12743562_925879997526287_5012225860041588759_n.jpg

မတ်လကုန်မတိုင်မီအထိ MPT အရောင်းဆိုင်ပေါင်း ၁၀၀ ကျော် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ MPT Branded Store တစ်ခု ဖွင့်လှစ်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီလ ၁၀ ရက်က ကျင်းပပြုလုပ်ခဲ့ပြီး ယင်းမှာ ဆူးလေဘုရားအနီး၊ ဗိုလ်ဆွန်ပက်လမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်တွင် တည်ရှိသည်။ အဆိုပါ အရောင်းပြခန်းသည် ၂၀၁၆ မတ်လကုန်မတိုင်မီဖွင့်လှစ်မည့် အရောင်းပြခန်း ၁၀၀ ကျော်ထဲမှ ပထမဆုံးတစ်ခုဖြစ်ကြောင်း၊ ကတ်ပျောက်/ ကတ်ပျက်စီးမှုများ ပြန်လည်လျှောက်ထားနိုင်သည့် ဝန်ဆောင်မှုအပါအဝင် အခြားသော လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများ ရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

၂၀၁၆ မတ်လမကုန်မီ ဖွင့်လှစ်သွားမည့် MPT အရောင်းပြခန်းသစ်များအနေဖြင့် နေရာအနှံ့ ပါဝင်သည်ကို တွေ့ရသည်။ ယင်းတို့အထဲတွင် လူအစည်ကားဆုံးသော နေရာများတွင် ဖွင့်လှစ်မည့် MPT အရောင်းပြခန်းပေါင်း ၅၀ ကျော် ပါဝင်သည်ကို တွေ့ရသည်။ ယင်းတို့မှာ ရန်ကုန်တိုင်းဒေသကြီးတွင် လမ်း ၄၀၊ သင်္ဃန်းကျွန်း၊ ရွှေဂုံတိုင်၊ မန္တလေးတိုင်းဒေသကြီးတွင် အောင်မြေသာဇံမြို့နယ်၊ ပြင်ဦးလွင်၊ ညောင်ဦး၊ မိတ္ထီလာ၊ မြင်းခြံ၊ မိုးကုတ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် မုံရွာ၊ ထီးချိုင့်၊ ရေဦး၊ ပဲခူးတိုင်းဒေသကြီးတွင် ပဲခူး၊ ပြည်၊ မင်းလှ၊ လက်ပံတန်း၊ ပေါက်ခေါင်းတို့ဖြစ်ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးတွင် မကွေး၊ တောင်တွင်းကြီး၊ ချောက်၊ ပခုက္ကူ၊ ဧရာဝတီတိုင်းဒေသကြီးတွင် ပုသိမ်၊ ဟင်္သာတ၊ ဇလွန်၊ ဘိုကလေး၊ ဖျာပုံ၊ တနင်္သာရီတိုင်းဒေသကြီးတွင် ထားဝယ်၊ မြိတ်၊ ကော့သောင်း၊ ပုလော၊ ကချင်ပြည်နယ်တွင် မြစ်ကြီးနား၊ တနိုင်း၊ ဖားကန့်၊ ကယားပြည်နယ်တွင် လွိုင်ကော်၊ ကရင်ပြည်နယ်တွင် ဘားအံ၊ ကော့ကရိတ်၊ မြဝတီ၊ ကြာအင်းဆိပ်ကြီးတို့၌ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ချင်းပြည်နယ်တွင် ဟားခါး၊ မွန်ပြည်နယ်တွင် ကျိုက်ထီးရိုး၊ မုဒုံ၊ သံဖြူဇရပ်၊ မော်လမြိုင်တို့၌ ဖွင့်လှစ်သွားမည်ဟု သိရသည်။ ရခိုင်ပြည်နယ်တွင် စစ်တွေ၊ မောင်တော၊ သံတွဲ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တွင် ကျိုင်းတုံ၊ မိုင်းဆတ်၊ တာချီလိတ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း) တွင် တောင်ကြီး၊ ညောင်ရွှေ၊ အေးသာယာ၊ နမ်းဆန်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် လာရှိုး၊ မူဆယ်တို့၌ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

“အသစ်ဖွင့်လှစ်မယ့် အရောင်းပြခန်းတွေနဲ့ ပတ်သက်တာတွေကို ဖေ့စ်ဘုတ်၊ Line က MPT တရားဝင် စာမျက်နှာတွေမှာရော၊ MPT ဝက်ဘ်ဆိုက်တွေမှာပါကြည့်ပြီး အနီးဆုံးအရောင်းပြခန်းကို ရှာဖွေနိုင်ပါတယ်” ဟု MPT-KSGM Joint Operation ၏ Chief Commercial Officer ဖြစ်သူMr.KoichiKawase က ပြောသည်။