Facebook app ကို uninstall လုပ်ခြင်းက iPhone ဘက်ထရီအား ၁၅ ရာခိုင်နှုန်း သက်သာစေနိုင်

2100.jpg

Facebook သည် iOS ပေါ်တွင် download ပြုလုပ်မှုအများဆုံး app တစ်ခုဖြစ်သော်လည်း iPhone ဘက်ထရီကို လျင်မြန်စွာကုန်ခမ်းစေသည်။ Facebook အနေဖြင့် bug များရှိကြောင်း ဝန်ခံခဲ့ပြီး ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည့်တိုင် ဘက်ထရီ အကုန်မြန်သည့် ကိစ္စအပေါ် မေးခွန်းထုတ်မှုများ ရှိနေဆဲဖြစ်သည်။

Facebook ၏ Android app ကို ဖျက်လိုက်သည့်အခါ ဖုန်း၏ဘက်ထရီကို ၂၀ ရာခိုင်နှုန်း သက်သာစေသည်ကို မကြာသေးမီက ရှာဖွေတွေ့ရှိခဲ့ပြီးနောက် iPhone တွင်လည်း အလားတူ ဘက်ထရီသက်သာစေသည်ကို တွေ့ရှိခဲ့သည်။ Facebook ၏ iOS app ကို uninstall ပြုလုပ်ပြီး Safari မှ အသုံးပြုသည့်အခါတွင် ဘက်ထရီကို ၁၅ ရာခိုင်နှုန်း သက်သာစေကြောင်း သိရသည်။

Facebook app ကို iPhone မှ ဖယ်ရှားပြီး အသုံးပြုသည့်အခါ ဘက်ထရီကို ၁၅ ရာခိုင်နှုန်း သက်သာစေရုံသာမက သိုလှောင်မှုပမာဏအတွက် နေရာလွတ်ပိုမိုရရှိကြောင်း သိရသည်။ ဖိုင်အရွယ်အစား 105MB ရှိသည့် Facebook app သည် cache နှင့်ဆိုလျှင် သိုလှောင်မှုပမာဏ 550MB နီးပါးအထိ သုံးစွဲသည်။

Facebook ကို Safari ပေါ်မှ သုံးစွဲခြင်းသည် app ဖြင့် သုံးစွဲသကဲ့သို့ပင် ကောင်းမွန်သည့်အတွေ့အကြုံ ရရှိစေသည်။ Safari တွင် Facebook သုံးစွဲသည့်အခါ homescreen ပေါ်တွင် app icon ကို shortcut အဖြစ်ထားကာ သုံးစွဲနိုင်သည်။ တစ်ခုတည်းသော အကန့်အသတ်မှာ Share-to လုပ်ဆောင်ချက်ဖြစ်ပြီး ဓာတ်ပုံများကို ဝေမျှလိုသည့်အခါ မိုဘိုင်းဆိုက်ပေါ်တွင် “post photos” ခလုတ်ကိုနှိပ်ခြင်းဖြင့် manual ပြုလုပ်ရမည်ဖြစ်သည်။ ထို့အပြင် Instant Articles ကဲ့သို့သော app feature များကိုလည်း အသုံးပြုနိုင်မည် မဟုတ်ပေ။ Facebook မိုဘိုင်းဆိုက်ပေါ်တွင် link တစ်ခုကို နှိပ်လိုက်သည့်အခါ Safari တွင် tab အသစ်တစ်ခုဖြင့် ဖွင့်ပေးမည်ဖြစ်သည်။

အဆိုပါရလဒ်များသည် ဘက်ထရီအရွယ်သေးငယ်သော iPhone 6S နှင့် ခြားနားနိုင်သည်။

Facebook မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကမူ အထက်ပါဖြစ်ရပ်အတွက် စုံစမ်းစစ်ဆေးမှု ပြုလုပ်နေကြောင်း ပြောကြားခဲ့သည်။

Ref: The Guardian