Malware များကို ကာကွယ်ရန် ESET ကုမ္ပဏီနှင့် Facebook ပူးပေါင်း

hacker-2.jpg
ပြီးခဲ့သည့်ရက် အနည်းငယ်ခန့် Facebook သည် လူမှုရေး ကွန်ရက်ပေါ်မှ အနိုင်ကျင့်မှုများကို စုံစမ်းကာ ကာကွယ်မှု စနစ်များ တိုက်ရိုက် ထည့်သွင်း နိုင်ရန် ESET ကုမ္ပဏီဖြင့် ပူးပေါင်းခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
Facebook သည် ဝက်ဘ်ဆိုက် အတုများ သို့မဟုတ် link အတုများ နောက်ကွယ်ရှိ အန္တရာယ်ရှိသော software များကို ကာကွယ်ရန်အတွက် တတိယ ကုမ္ပဏီအဖြစ် ESET ဖြင့် ပူးပေါင်းခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့် မေလက Facebook သည် အန္တရာယ်ရှိသော link နှင့် အကြောင်းအရာမှ သုံးစွဲသူများကို ကာကွယ်ရန် FSecure နှင့် Trend Micro တို့ဖြင့်လည်း ပူးပေါင်းခဲ့သေးသည်။ လုံခြုံရေး ထောက်ပံ့ပေးသည့် ကုမ္ပဏီများ များပြား လာသည်နှင့် အမျှ malware ကို ခြေရာခံပြီး ရှင်းလင်းနိုင်မည့် အခွင့်အရေးများ ပိုမိုများပြား လာမည်ဖြစ်ပြီး Facebook သုံးစွဲသူတို့၏ အချက်အလက်များကို လုံခြုံမှုရှိရန် ကူညီပေးနိုင်မည် ဖြစ်ကြောင်း Facebook မှ ထုတ်ပြန်ခဲ့သည်။ ဆက်လက်ပြီး အဆိုပါ စနစ်သုံးခုသည် Facebook ကိုသုံးစွဲသူ ၁.၃၅ ဘီလီယံ ဦးရေ၏ message နှင့် News Feed များရှိ ထိခိုက်မှု ရှိနိုင်သော ဆိုက်များမှ အကာအကွယ် ပေးနိုင်မည်ဖြစ်ကြောင်း post တွင် ရေးသားထားသည်။
ပြီးခဲ့သည့် နှစ်များစွာက Facebook သည် သုံးစွဲသူများ ထူထပ်များပြား သောကြောင့် malware ဖြင့် တိုက်ခိုက်ရန် အဓိက ပစ်မှတ်ထား ခံနေရသည်။ Koobface ဟုအမည်ရသည့် malware သည် Facebook နှင့်၎င်း၏ သုံးစွဲသူများကို ၂၀၀၈ ခုနှစ်မှစ၍ တိုက်ခိုက်လျက် ရှိကြောင်းသိရသည်။
-စိုးထက်
Ref : CNET