MRTV နှင့် ယူနီဆက်ဖ်တို့ ပူးပေါင်း၍ ကလေးသူငယ် အခွင့်အရေး ပညာပေး ရုပ်/သံ ဇာတ်လမ်းတွဲများကို ထုတá

ယူနီဆက်ဖ်မြန်မာမှ စီစဉ်ရိုက်ကူးထားသည့် ကလေးသူငယ်အခွင့်အရေး ပညာပေး ရုပ်/သံဇာတ်လမ်းများကို MRTV မှ ၂၀၁၅ ခုနှစ် အစပိုင်းမှစ၍ အခမဲ့ ထုတ်လွှင့်ပြသပေးနိုင်ရန် အတွက် ဒီဇင်ဘာလ ၄ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ မင်္ဂလာသီရီဟိုတယ် ယူနီဆက်ဖ်မြန်မာနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ ဖြစ်ကြသော မိတ်ဘက်ဝန်ကြီးဌာနများမှ လက်မှတ်ရေးထိုးခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးပိုက်ထွေး၊ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါ်ခင်စန်းရီ၊ ယူနီဆက်ဖ်မြန်မာမှ တာဝန်ရှိသူများနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။

“အခုဆောင်ရွက်မယ့် အစီအစဉ်တွေဟာ မြန်မာနိုင်ငံအတွင်းရှိ ကလေးသူငယ်တွေရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမယ့် ရုပ်မြင်သံကြား အစီအစဉ်တွေ ကို မြန်မာ့ရုပ်မြင်သံကြားနဲ့ ယူနီဆက်ဖ်တို့ ပူးပေါင်းထုတ်လုပ်တာဟာ အလွန်ပဲ အကျိုးဖြစ်ထွန်းစေမှာ ဖြစ်ပါတယ်” ဟု လက်မှတ်ရေးထိုးသည့် အခမ်းအနားသို့ တက်ရောက်လာသည့် ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပိုက်ထွေးကပြောသည်။

ထုတ်လွှင့်မည့် အစီအစဉ်များမှာ ကျန်းမာရေး၊ ပညာရေး တစ်ကိုယ်ရည် သန့်ရှင်းရေး၊ အာဟာရရှိရေး၊ မွေးစားရင်းရရှိရေး၊ မိသားစုနှင့် တကွဲတပြားနေထိုင်ခြင်းမှ ကာကွယ်တားဆီးရေး၊ မိခင်မှ ကလေးသို့ HIV ပိုးကူးစက်မှုမှ ကြိုတင်ကာကွယ်ရေး စသည့် အကြောင်းအရာများကို အသားပေး ထုတ်လွှင့်တင်ဆက် ပေးသွားမည်ဖြစ်ပြီး ၂၀၁၅ ခုနှစ် အစပိုင်းတွင် စတင်ထုတ်လွှင့် ပေးသွားမည်ဟု သိရသည်။

ယခုကဲ့သို့ အဆိုပါ Program ကို ယူနီဆက်ဖ်နှင့် ပြန်ကြားရေးတို့ ပူးပေါင်းပြီး ထုတ်လွှင့်ရခြင်းမှာ ကလေးသူငယ်များ၊ မိဘများ သင်ကြားနိုင်ရေး၊ ကလေးသူငယ်မျာအား အကြမ်းဖက်မှု၊ မတော်မတရားပြုမှုနှင့် အမြတ်ထုတ်ခြင်းမှ ကာကွယ်စောင့်ရှောက်ရေးအတွက် ထုတ်လွှင့်ပြသခြင်းဖြစ်ကြောင်းလည်း သိရသည်။