ဂျာမနီရဲ့ ဇိမ်ခံ မော်ဒယ်တွေကို ဈေးကွက် ယှဉ်ပြိုင်မယ့် Acura MDX …

2016-Acura-MDX.jpg

နိုင်ငံတကာ ဇိမ်ခံကားဈေးကွက်မှာတော့ ဂျာမနီအခြေစိုက် ကြီးသုံးကြီးဖြစ်တဲ့ Audi, BMW နဲ့Mercedes တွေက ဦးဆောင်သူတွေပါ။ ရွေးချယ်နိုင်စရာမော်ဒယ်ခွဲ အများအပြားနဲ့ တန်ကြေးစုံဇိမ်ခံမော်ဒယ်တွေကို နည်းပညာမြင့် အနေအထားနဲ့ ထုတ်လုပ်ထားတာကြောင့် အောင်မြင်မှုရနေတာလည်း ဖြစ်ပါတယ်။ အာရှအခြေစိုက်မော်တော်ကားကုမ္ပဏီတွေထဲကလည်း Lexus တစ်ခုလောက်ပဲ နိုင်ငံတကာ ဇိမ်ခံကားဈေးကွက်ကို ထိုးဖောက်နိုင်တာတွေ့ရပြီး တခြား Infiniti နဲ့ Acura တွေကလည်း ကြိုး စားနေဆဲ အနေအထားမျိုးဖြစ်နေတာပါ။ အခုတော့ MDX ကို ရုပ်ထွက်ပိုင်းကအစ ဆန်းသစ်အောင် ဖန်တီးထားပြီး နည်းပညာမြင့် ဇိမ်ခံအနေနဲ့ ဥရောပဈေးကွက်အတွက် အလေးထားထုတ်လုပ်ထားတာပါ။ ဥရောပတစ်ဝှမ်းမှာသာ ဂျာမနီအခြေစိုက် အမှတ်တံဆိပ်တွေကို ဈေးကွက်ယှဉ်နိုင်မယ်ဆိုရင် ကျန်တဲ့ဈေးကွက်တွေမှာလည်း သူ့အလိုလို လက်ခံလာမှာဖြစ်လို့ ဥရောပအပိုင်းကို အလေးပေးထားပုံရပါတယ်။ ကောင်းပါပြီ၊ ဒါဆို ပြိုင်ဘက်ကောင်းတွေရှိနေတဲ့ဈေးကွက်ကို တင်ပို့လာတဲ့ MDX က ဘယ်လိုမော်ဒယ်မျိုးလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပြီမို့ ကျွန်တော်တို့ ဆက်ပြီးတော့ လေ့လာကြည့်ရအောင်ပါ။

အားသာချက် …

မော်ဒယ်ရဲ့အားသာချက်ကတော့ ဝန်တင်ဆောင်ရုန်းကန်နိုင်မှုအပိုင်းမှာ အဓိကဖြစ်ပြီးတော့ ပေါင် ၃၅၀၀ လောက်ထိအောင် ရုန်းကန်နိုင်မှာလည်း ဖြစ်ပါတယ်။ V6 အင်ဂျင်စနစ်နဲ့ ရနိုင်သလို အင်ဂျင်အရွယ်ကြီးမားမှုက အသံထွက်လည်း တည်ငြိမ်ပြီး စွမ်းအင်ထုတ်လုပ်မှုအပိုင်းက ခရီးဝေးမောင်းနှင်မှုတွေကို မနားတမ်းမောင်းနှင်သွား လာနိုင်စေမှာပါ။ နောက်ဆုံးပြောချင်တဲ့အားသာချက်ကတော့ ဈေးနှုန်းအပိုင်းဖြစ်ပြီး ပြိုင်ဘက်မော်ဒယ်တွေထက် ဈေးနှုန်း သိသိသာသာချိုသာတာဖြစ်ပါတယ်။ ဒါ့အပြင် ဆက်စပ်ပစ္စည်း အဆင့်မြှင့်တပ်ဆင်မှုတွေပါ ဈေးချိုချိုနဲ့ ရနိုင်ပါတယ်။

အားနည်းချက် …

ဒီအပိုင်းမှာတော့ V8 အင်ဂျင်လောက် အရွယ်အစားကို V6 အင်ဂျင်အနေနဲ့ ဖန်တီးထားတာတစ်ခုက အင်ဂျင်အထိုင်ကို အံဝင်စေမှုနည်းစေပါတယ်။ နောက်တစ်ချက်က ဆီစားနှုန်းများချင်တာဖြစ်ပြီး V6 ရွယ်တူ အင်ဂျင်တပ်မော်ဒယ်တွေထက် ဆီစားပိုချင်နေပါတယ်။ နောက်ဆုံးပြောရမယ့်အားနည်းချက်ကတော့ စွမ်းဆောင်ရည်ပိုင်းဖြစ်ပြီးတော့
ဇိမ်ခံသီးသန့်သဘောမျိုး ဖန်တီးထားတာဖြစ်ကာ အမြန်နှုန်းမြှင့်တင်မောင်းနှင်နိုင်မှုလိုအပိုင်းတွေမှာ အားနည်းချက် ရှိနေတာပဲဖြစ်ပါတယ်။

ကိုယ်ထည်ပိုင်း …

မော်ဒယ်ကို တံခါးလေးပေါက်စနစ် SUV တန်းဝင်အောင် ဖန်တီးထားတာတွေ့ရပြီး ကားတစ်စီးလုံးရဲ့အလျားက ၁၉၃.၆ လက်မရှည်မှာ ဖြစ်ပါတယ်။ မျက်နှာစာ အကျယ်က နောက်ကြည့်မှန်ဖြန့်ထားပြီး အခြေအနေထိအောင် ၇၇.၂ လက်မရှိမှာဖြစ်ပြီး အမြင့်ကတော့ ၆၇.၆ လက်မရှိမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ကားရဲ့အလျားနဲ့ စာရင် ရှေ့ဘီးနဲ့နောက်ဘီးထောက်ကြားပမာဏက ၁၁၁ လက်မပဲရှိနေတာ တစ်ချက်က ထိုင်ခုံနှစ်တန်းပဲပါရှိမယ့်မော်ဒယ်တွေအတွက် အတွင်းခန်းအရမ်း
မကျဉ်းပေမယ့် နောက်ဘက်ဝန်တင်ခန်းအပိုင်းကတော့ သိသိသာသာကိုပဲ ကျယ်ဝန်းသွားတာတွေ့ရပါတယ်။ Sunroof လည်း ပါရှိလို့ အလင်းရောင်ဝင်ရောက်မှုနဲ့အတူ အမြင်ပိုင်းဆန်းသစ်မှုကို ပေးစွမ်းနိုင်သလို ဒီတံခါးကို Power စနစ်နဲ့ အဖွင့်၊ အပိတ်လုပ်ဆောင်နိုင်မှာလည်း ဖြစ်ပါတယ်။ ကားတစ်စီးလုံးရဲ့အလေးချိန်က ပေါင် ၃၉၆၀ ထိအောင် ရှိမှာဖြစ်ပြီး အာရှထုတ်မော်ဒယ်တွေထဲမှာ အလေးဆုံးတန်းဝင်လည်း ဖြစ်ပါတယ်။

အင်ဂျင်ပိုင်း …

မော်ဒယ်ရဲ့အင်ဂျင်စနစ်က ၃.၅ လီတာသုံး V6 အင်ဂျင်ဖြစ်ပြီးတော့ V6 တန်းဝင်တွေထဲမှာ အကြီးဆုံးလို့ဆိုနိုင်တာပါ။ ဒီလိုအင်ဂျင်စနစ် အကြီးစားကို ထည့်ထားရတာက ဆီစားကို ပိုမိုထိန်းထားချင်တာကြောင့် V8 နဲ့ မထုတ်ဘဲထားတာ ဖြစ်နိုင်ပါတယ်။ အင်ဂျင်က အခြေခံလည်ပတ်အား တစ်မိနစ်အပတ်ရေ ၄၇၀၀ မှာ ရုန်းအားက ၂၆၇ ပေါင်-ပေ ရှိမှာဖြစ်ပြီး စွမ်းအင်ထွက်ရှိမှုကတော့ မြင်းကောင်ရေ ၂၉၀ အားရှိမှာဖြစ်ပါတယ်။ ဒီလိုရုန်းအားနည်းမှုက မော်ဒယ်ကို လမ်းကြမ်းပိုင်းစွမ်းဆောင် ရည်ကိုတော့ ကျဆင်းစေနိုင်တာဖြစ်ပေမယ့် ဇိမ်ခံသီးသန့်အနေနဲ့ ခရီးဝေးနဲ့ လမ်းချောမောင်းမယ်ဆိုရင်တော့ ကိစ္စမရှိပါဘူး။ အင်ဂျင်ရဲ့အမြန်ဆုံးလည်ပတ်မယ့်နှုန်းကတော့ တစ်မိနစ်အပတ်ရေ ၆၂၀၀ ထိအောင်ဖြစ်ပြီး ပုံမှန်အနေအထားလောက်ပဲဖြစ်ပါတယ်။

မောင်းနှင်နိုင်မှု …

မော်ဒယ်ကို ရှေ့ဘီးယက်စနစ်နဲ့ဖန်တီးထားတာက အမြန်နှုန်းမြှင့်တင်နိုင်မှုတွေအထိအောင်ပါ အားနည်းသွားစေတာဖြစ်ပေမယ့် အင်ဂျင်စနစ်ရဲ့ဆီစားများမှုကိုတော့ ခံသာစေလာပါတယ်။ ဂီယာချက်ပြောင်းလဲမောင်းနှင်နိုင်မှုအပိုင်းမှာ Auto စနစ်နဲ့သွားပြီး ပျမ်းမျှဆီစားနှုန်းကို ကြည့်မယ်ဆိုရင် ဆီတစ်ဂါလံကို ၂၃ မိုင်လောက် ထိအောင်မောင်းနှင်နိုင်စေမှာလည်း ဖြစ်ပါတယ်။ မြို့တွင်းတွေအတွက် ၁၉ မိုင်နဲ့ အဝေးပြေးလမ်းကြောင်းတွေမှာဆိုရင် ၂၇ မိုင်လောက်ထိအောင် ရနိုင်ပြီး တပ်ဆင်
ဆီတိုင်ကီရဲ့ဆံ့ဝင်နိုင်မှုက ၁၉.၅ ဂါလံထိအောင်ဖြစ်ကာ ဆီအပြည့်နဲ့ ခရီးတစ်ဆက်တည်းမောင်းနှင်နိုင်မှုကနေ မိုင် ၄၄၀ ကျော်လောက် ထိအောင် ရောက်ရှိမှာလည်း ဖြစ်ပါတယ်။

သုံးသပ်ချက် …

ဇိမ်ခံမော်ဒယ်တစ်ခုရဲ့ အသက်ကယ်စနစ်ပါတဲ့ ယာဉ်မောင်းအသက်ကယ်လေအိတ်၊ ခရီးသည်ထိုင်ခုံတန်းလေအိတ်၊ ဘေးဘက်ဦးခေါင်း ပိုင်းလေအိတ်၊ နောက်ဘက် ဦးခေါင်းပိုင်းလေအိတ်နဲ့ ဘေးဘက်လေအိတ်စနစ်တွေ ပါပါတယ်။ ပုံမှန်အဆင့်မြင့် ဇိမ်ခံတွေထက်တော့ လေအိတ်စနစ်အနည်းငယ်လိုနေတာပါ။ ဘရိတ်စနစ်က ABS နဲ့လာပြီး အကူစနစ်စုံထည့်ထားတယ်၊ Disc ဘရိတ်စနစ်ကို အခြေခံထားတယ်၊ Stability စနစ်က လျှပ်စစ်စနစ်နဲ့ထိန်းထားမယ်၊ နေ့ဘက်အလင်းပြေးစနစ်ပါမယ်၊ ကလေးတွေအတွက် Safety Lock စနစ်ထည့်ထားတယ်၊ Suspension စနစ်က Strut နဲ့ Multi-link ကိုပဲ အခြေခံထိုင်ထားတာဖြစ်ပြီး Stabilizer တွေကူမယ်ဆိုရင် ပိုကောင်းမယ် ထင်တာပါပဲ။ ဒါပေမဲ့ အထိအတွေ့နဲ့ လိုက်ပါစီးနင်းရမှုကတော့ အဆင်ပြေပါတယ်။ တစ်ဖက်ကပြန်တွေးရင်လည်း ဈေးချိုအောင် ထုတ်ထားတာ ဆိုတော့ ပြစ်ချက်တော့ ဘယ်ကင်းပါ့မလဲ။ ကောင်းပါပြီ၊ ဒါဆို ကျွန်တော်တို့ MDX ကို ရာနှုန်းပြည့်တော့ စိတ်ကြိုက်မတွေ့ပေမယ့် ကြယ်ငါးပွင့် မှာ လေးပွင့်လောက်တော့ပေး လို့ရပါတယ်။

Ref:www.edmunds.com