MWC ပြပွဲ၌ Mi 5 ကို မိတ်ဆက်သွားမည်ဟု Xiaomi အတည်ပြု

Xiaomi-Mi-Note-Pro-3.jpg

တရုတ်စမတ်ဖုန်း ကုမ္ပဏီ Xiaomi ၏ အထင်ကရ စမတ်ဖုန်း တစ်မျိုးဖြစ်သော Mi 5 ကို ဘာစီလိုနာမြို့တွင် ကျင်းပမည့် Mobile World Congress (MWC) ပြပွဲ၌ မိတ်ဆက်သွားမည် ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။

Xiaomi ၏ကမ္ဘာလုံးဆိုင်ရာ ဥက္ကဌဟူဂိုဘာရာက Mi 5 ကို ဖေဖော်ဝါရီလ ၂၄ ရက်တွင် မိတ်ဆက်မည့်အကြောင်းနှင့် ပတ်သက်၍ Twitter ၌ အတည်ပြုဖော်ပြ သွားခဲ့သည်။ Mi 5 ဖုန်း၏အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ခြင်း မရှိသေးသည့်အပြင် ဟူဂိုဘာရာက ၎င်း၏ tweet တွင် အထက်ပါပုံကိုသာ ဖော်ပြထားသည်။ ထို့ကြောင့် MWC ပွဲမှသာ ဖုန်းအသေးစိတ် အချက်အလက်များ သိနိုင်ဖွယ်ရှိသည်။

Xiaomi ၏ ယခင်မျိုးဆက်ဟောင်း Mi 4 သည် စွမ်းဆောင်ရည် ကောင်းမွန်ပြီး ကင်မရာမှာ နှစ်လိုဖွယ်ရှိသည့်အပြင် ဈေးနှုန်းလည်း သက်သာသည်။ Xiaomi အနေဖြင့် Mi 5 ၏ဈေးနှုန်းကို ယခင်ကအတိုင်း ဆက်လက်ထိန်းသိမ်း သွားဖွယ်ရှိပြီး တရုတ်နိုင်ငံမှ စမတ်ဖုန်းသုံးစွဲသူ အမြောက်အများ တိုးတက်လာသည့် ဈေးနှုန်းသက်သာ ကောင်းမွန်သော ဈေးကွက်အတွင်း၌သာ ဆက်လက်ယှဉ်ပြိုင် သွားမည်ဖြစ်သည်။

Ref: CNET