ဇိမ်ခံအနေနဲ့ဖန်တီးထားပြီး လမ်းကြမ်းပိုင်းပါ အဆင်ပြေတဲ့ Jeep Renegade …

2015-jeep-renegade-latitude-and-trailhawk-photo-01.jpg

အားလုံးသိတဲ့အတိုင်း Jeep ရဲ့ သက်တမ်း၊ ထုတ်လုပ်မှုတွေကနှစ်ပေါင်းလည်း မနည်းတော့သလို မော်ဒယ်ပေါင်းများစွာလည်း ထွက်ရှိပြီး လူကြိုက်လည်း များပေမယ့် စစ်ဖက်သုံး Jeep တွေရဲ့အောင်မြင်မှုကိုတော့ အခုနောက်ပိုင်း လိုက်မီအောင် ထုတ်လုပ်နိုင်ခြင်းမရှိတော့ပါဘူး။ ဒါကလည်း ဥရောပ အခြေစိုက် မော်တော်ကားထုတ်လုပ်သူတွေရဲ့ နည်းပညာနဲ့ ဖန်တီးနိုင်မှု တိုးတက်ကောင်းမွန်လာခြင်းနဲ့အတူ ဈေးကွက်ချဲ့ထွင်မှုတွေမှာလည်း Jeep ကနောက်ကျနေခဲ့လို့ပါ။ ခုတော့ Jeep ရဲ့ မျှော်လင့်ချက်အသစ်ဈေးကွက်ဝင်လာပါပြီ၊ သူကတော့ Renegade ပါ။ မော်ဒယ်သစ်တော့ မဟုတ်ပါဘူး။ ထုတ်လုပ်မှု သက်တမ်းကြာနေပြီဖြစ်ပေမယ့် အခုမော်ဒယ်ကိုတော့ အစ၊ အဆုံး အသစ်ပြန်လည်ဖန်တီးပြီး မျိုးဆက်ပြောင်းလဲထုတ်လုပ်လာတာဖြစ်ပါတယ်။ Sunroof လိုအပိုင်းတွေပါ ထည့်သွင်းလာတာကတော့ စိတ်ကူးယဉ်ဆန်စရာလေး ဖြစ်လာသလို ရုပ်ထွက်မှာလည်း Jeep ရဲ့ ပင်ကိုယ်ဟန်မပျောက်ပေမယ့်
ထူးခြားတဲ့ ဖန်တီးမှုတွေ့ရတာကြောင့် ဈေးကွက်မှာအောင်မြင်နေတာလည်းတွေ့ရပါတယ်။ ကောင်းပါပြီ၊ ကျွန်တော်တို့ Renegade ကိုလေ့ လာကြည့်လိုက်ရအောင်ပါ။

အားသာချက်

မော်ဒယ်ရဲ့ပထမဆုံးအားသာချက်ကိုပြောရမယ်ဆိုရင်တော့ ရုပ်ထွက်ပိုင်းကိုပြောရမှာပါ။ ဥရောပအခြေစိုက် ဇိမ်ခံ SUV မော်ဒယ်တွေရဲ့ အချိုးအဆစ်မျိုးဖြစ် လာပါတယ်။ ဒါပေမဲ့ Jeep ရဲ့ရုပ်ထွက်လည်း မပျောက်ပါဘူး။ နောက်တစ်ချက်က လက်ကိုင်ပိုင်းအားကောင်းမှုပါ၊ လမ်းကြမ်းပိုင်း အနေအထားထိအောင် အကောင်းဆုံးထိန်းချုပ်မောင်း နှင်နိုင်မှုကိုတွေ့ရပါတယ်။ နောက်တစ်ချက်က ထည့်သွင်း နည်းပညာရပ်တွေမြင့်မားသည့်တိုင် နားလည်လွယ်အောင်၊ အသုံးပြုရလွယ်အောင် ဖန်တီးထားနိုင်တာပါပဲ။ Trailhawk မော်ဒယ်ခွဲနဲ့ ပတ်သက်ပြီး ပြောစရာတစ်ခုရှိတာက အဆိုပါမော်ဒယ်ရဲ့ လမ်းကြမ်းပိုင်း စွမ်းဆောင်ရည်ဟာ တခြားမော်ဒယ်ခွဲတွေထက် သိသိသာသာ အားကောင်းတာပဲဖြစ်ပြီး လမ်းကြမ်းမောင်းအသုံးပြုသူတွေရဲ့ စိတ်ကြိုက်ဖြစ်မှာပါ။

အားနည်းချက်

ဒီအပိုင်းမှာတော့ အချက်နှစ်ချက်လောက်ပဲ ပြောစရာရှိပါတယ်။ ပထမတစ်ချက်ကတော့ ၂.၄ လီတာသုံး အင်ဂျင်တပ်မော်ဒယ်တွေလည်း ရနိုင်ပြီးတော့ ဒီအင်ဂျင်စနစ်တွေက SUV မော်ဒယ်တစ်ခုအတွက် အနေတော်လောက်ဖြစ်ပေမယ့် ဆီစားနှုန်းအပိုင်းမှာ ဒီလောက်ကြီးချိုသာအောင် မဖန်တီးနိုင်တာ ဘဲဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ မော်ဒယ်ကို Sport ဆန်အောင် ချိုးဆစ်လိုက်မှုက နောက်ဘက်ခရီးသည်တင်ခန်းအတွက် ကျဉ်းသွားပြီး နောက်ဘက် ထိုင်ခုံတန်းပါ နေရာနည်းသွားတာ တစ်ချက်ဖြစ်ပါတယ်။ ဒါပေမဲ့ အာရှအနေအထားအတွက်တော့ ဒီလောက် မသိသာချင်ပါဘူး။

ကိုယ်ထည်ပိုင်း

မော်ဒယ်အနေနဲ့ အဝါရောင်၊ အနီရောင်တွေ အပါအဝင် အရောင် ၉ ရောင်ထိအောင် ထုတ်လုပ်ထားပြီး အတွင်းပိုင်းကတော့ အထည်ဦးစားပေးပုံစံနဲ့ အဖြူ၊ အညို နှစ်မျိုးပဲ ထွက်ပါတယ်။ မော်ဒယ်က Crossover တန်းဝင်မော်ဒယ်ဖြစ်ပြီးတော့ အလျား ၁၃ ပေနဲ့ ၁၀.၆ လက်မပဲရှိနေတာက လမ်းကျပ်တဲ့ အနေအထားတွေထိအောင် အဆင်ပြေမှာပါ။ မျက်နှာစာအကျယ်က ၅ ပေနဲ့ ၁၁ လက်မရှိပြီး ကားရဲ့ တိမ်းမှောက်နိုင်ချေကို လျော့နည်းအောင် ဖန်တီးထားတဲ့ သဘောဖြစ်သလို ကိုယ်ထည်ရဲ့အမြင့်ကိုတော့ Sport ဆန်အောင် ၅ ပေနဲ့ ၆.၅ လက်မပဲရှိသည်ထိအောင်နှိမ့်ထားပါတယ်။ အတွင်းခန်း အနေအထားမှာ ရှေ့ခန်းက ၅၅.၉ လက်မ ကျယ်ဝန်းပေမယ့် နောက်ဘက်ခန်းက ၅၅ လက်မပဲရှိလို့ နည်းနည်းကျဉ်းသွားတယ်လို့ ဆိုလိုက်တာပါ။ ကိုယ်ထည်နဲ့မြေပြင်ကိုတော့ ၆.၇ လက်မထိအောင် ခွာပြီး ဖန်တီးထားတာတွေ့ရပါတယ်။

အင်ဂျင်ပိုင်း

မော်ဒယ်ရဲ့ တပ်ဆင်အင်ဂျင်ကိုကြည့်မယ်ဆိုရင် အခြေခံအင်ဂျင်စနစ်က ၁.၄ လီတာသုံး အသေးစားလေးလုံးထိုး အင်ဂျင်စနစ်ကိုတွေ့နိုင်ပြီး အဆိုပါ အင်ဂျင်စနစ်က အခြေခံလည်ပတ်အား တစ်မိနစ်အပတ်ရေ ၂၅၀၀ မှာတင် ရုန်းအား ၁၈၄ ပေါင်-ပေထိအောင် ရနိုင်မှာဖြစ်ပြီး စွမ်းအင် ထွက်ရှိမှုကတော့ မြင်းကောင်ရေ ၁၆၀ အားပါ။ ရုန်းအား သိသိသာသာ များနေတဲ့တစ်ချက်က လမ်းကြမ်းနဲ့ ခရီးဝေးမောင်း နှင်မှုတွေအတွက် အဆင်ပြေစေမှာဖြစ်ပြီး အင်ဂျင်ရဲ့ အမြင့်ဆုံးလည်ပတ်မယ့်နှုန်းက တစ်မိနစ်အပတ်ရေ ၅၅၀၀ ထိအောင်ဖြစ်ပါတယ်။ ဒီနေရာမှာ အင်ဂျင်ရဲ့ အခြေခံလည်ပတ်အားရော အမြင့်ဆုံးလည်ပတ်အားပါနည်းပေမယ့် ဆီစားနည်းနည်းများချင်နေတာတစ်ခုကတော့ လိုအပ်ချက် နည်းနည်းရှိနေသေးသလိုပါ။

မောင်းနှင်နိုင်မှု

မော်ဒယ်က အင်ဂျင်စနစ်နှစ်မျိုးနဲ့ရနိုင်တာဖြစ်ပြီး အခုကျွန်တော် မိတ်ဆက်ပေးနေတဲ့ အင်ဂျင်စနစ်ကတော့ ပြည်တွင်းအနေအထားလောက်ထိအောင် အဆင်ပြေမယ် ထင်ပါတယ်။ ဂီယာချက် ၆ ချက်ကို Manual စနစ်နဲ့လည်း ရနိုင်သလို Auto နဲ့လည်း လာပါတယ်။ ဒါပေမဲ့ ပိုကောင်းတာကတော့ Manual နဲ့ဖြစ်ပြီးတော့ စွမ်းဆောင်ရည်ဦးစားပေး မော်ဒယ်မဟုတ်တာကြောင့် အမြန်နှုန်းမြှင့်တင်နိုင်မှုအပိုင်းမှာ ဒီလောက် မကောင်းပေမယ့် တစ်နာရီ မိုင် ၆၀ နှုန်းအတွက် အချိန် ၁၀ စက္ကန့်ဝန်းကျင်နဲ့တော့ရောက်အောင် မောင်းနှင်နိုင်တာတွေ့ရပါတယ်။ မော်ဒယ်မှာ တပ်ဆင်ထားတဲ့ဆီတိုင်ကီက ၁၂.၇ ဂါလံပဲ ဆံ့တာကြောင့် ဆီစားနဲ့စာရင် နည်းနည်းသေးချင်နေတာဖြစ်ပြီး ဆီစားနှုန်းကတော့ မြို့တွင်းတွေမှာ ၂၄ မိုင်လောက်နဲ့ အဝေးပြေးလမ်းကြောင်းတွေမှာဆိုရင် ၃၁ မိုင်လောက်ထိအောင် စီးနင်းနိုင်မှာဖြစ်ပါတယ်။

သုံးသပ်ချက်

အင်ဂျင်အသေးစားတပ်ဆင်ထားတဲ့ မော်ဒယ်၊ ဇိမ်ခံမော်ဒယ်အနေနဲ့စီးနင်းနိုင်မယ့် မော်ဒယ်၊ Sunroof စနစ်ကို ပုံမှန်မဟုတ်ဘဲ နောက်ဘက်ခန်းအတွက်ပါ အဆင်ပြေနိုင်အောင် ထည့်သွင်းထားတဲ့ ထူးခြားတဲ့မော်ဒယ်၊ ရှေ့ဘီးယက်စနစ်နဲ့ လမ်းကြမ်းမောင်းမော်ဒယ်၊ ဈေးနည်းနည်းနဲ့ ရနိုင်မယ့်မော်ဒယ်၊ ပြိုင်ဘက်မော်ဒယ်တွေနဲ့စာရင် သိသာပေါ်လွင်မှုကောင်းတဲ့မော်ဒယ်၊ ဒီလိုမော်ဒယ်တစ်ခုကို ကျွန်တော်တို့ လက်မခံ နိုင်စရာတော့ မရှိပါဘူး။ ဈေးနှုန်းဆိုတာကလည်း တခြားပြိုင်ဘက် မော်ဒယ်တွေထက် တစ်ဝက်နီးပါးလောက်ထိအောင် ချိုသာချင်နေတာ ဖြစ်တာကြောင့် အားရစရာပါ။ တစ်ခုရှိတာက ကျွန်တော်တို့ပြည်တွင်း ဈေးကွက်မှာ Jeep ရဲ့အပိုပစ္စည်းနဲ့ ပြင်ဆင်နိုင်မှုအနေအထားပေါ့။ အဆင်ပြေပါ့မလားဆိုတာပဲတွေးစရာပါ။ Jeep မော်ဒယ်တွေ ပြည်တွင်းမှာ အခုနောက်ပိုင်းဝင်ရောက်မှု စိပ်လာသလို အစီးလည်းများလာပါတယ်။ Renegade လည်း ကျွန်တော်တို့ ရှေ့ကို ရောက်လာတော့မှာပါ။

Ref:www.edmunds.com