ICT City စီမံကိန်းသည် လူပေါ်မူတည်သည့် စီမံကိန်းမဟုတ် ဟုဆို

IMG_6720.jpg

သန်လျင်မြို့နယ် စစ်ပင်ကွင်းကျေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် ICT City စီမံကိန်းသည် လူပေါ်မူတည်၍ လုပ်ကိုင်ဆောင်ရွက်မည့် စီမံကိန်းတစ်ခု မဟုတ်ဘဲ မူအားဖြင့် လုပ်ကိုင်ဆောင်ရွက်ထားသည့် စီမံကိန်းတစ်ခုဖြစ်သည်ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးသောင်းတင်က ပြောသည်။

ICT City စီမံကိန်းသည် သမ္မတဦးသိန်းစိန်၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ အကောင်အထည် ဖော်ဆောင်ရွက်နေခြင်းဖြစ်ပြီး လက်ရှိအချိန်၌ သတ်မှတ်တည်နေရာရှိ လယ်ယာမြေဧက ၃၇၀ ကို အောင်မြင်စွာ ဝယ်နိုင်ခဲ့သည်။

“ဒီမိုကရေစီနိုင်ငံမှာ အစိုးရ ဆိုတာကတော့ ပြောင်းမှာပဲ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုတာ လူပေါ် မူတည်လို့မရဘူး။ အချို့လုပ်ငန်းတွေက ၅ နှစ်ဆိုတာ လုပ်ငန်းစရုံပဲ ရှိသေးတယ်။ လူပြောင်းတာနဲ့ မပြောင်းသွားအောင် ဘာနဲ့လုပ်ထားလဲဆိုတော့ ဥပဒေတွေနဲ့ လုပ်ထားတယ်။ Legal ရှိတယ်။ Framework တွေရှိတယ်။ ဒါတွေနဲ့ လုပ်ထားတယ်”ဟု ဦးသောင်းတင်က ပြောသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် နည်းပညာနယ်ပယ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ICT City တည်ဆောက်ရန် ရန်ကုန်မြို့နှင့် မနီးမဝေး တည်နေရာ၌ မြေဧက ၅၀၀ ချထားပေးမည်ဟု ပြောဆိုခဲ့ပြီး လက်ရှိအချိန်၌ ရန်ကုန်တိုင်းဒေသကြီး အစိုးရနှင့် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်တို့ ညှိနှိုင်း၍ သန်လျင်မြို့နယ် စစ်ပင်ကွင်းကျေးရွာတွင် မြေဧက ၃၇၀ ကို ဝယ်ယူခဲ့သည်ဟု သိရသည်။

ICT City စီမံကိန်းသည် အောင်မြင်မှုမရရှိခဲ့သော ရတနာပုံ ဆိုက်ဘာစီးတီး စီမံကိန်းပြီးသည့်နောက် အင်အားကြီးမားသည့် ဒုတိမြောက် စီမံကိန်းတစ်ခုဖြစ်ပြီး ပြည်တွင်း Software Industry သာမက ပြည်ပမှ ကမ္ဘာကျော်နည်းပညာများပါ လာရောက်ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် မျှော်မှန်းထားရှိသည်။

“၀န်ကြီးဌာနအနေနဲ့ လုပ်ငန်း ဘယ်တော့စရမယ်လို့ သတ်မှတ်ထားတာမရှိပါဘူး။ နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ လုပ်ငန်းဖြစ်ဖို့ လိုပါတယ်။ ဒေသတွင်းဖွံ့ဖြိုးမှုနဲ့ အလုပ်အကိုင်တွေလည်း ရရှိလာမှာပါ။ ဒါ့ကြောင့် အချိန်တော့ ပိုယူရတာပေါ့”ဟု ဦးသောင်းတင်က ပြောသည်။