ICT City တည်ဆောက်မည့် မြေဧက ၃၇၀ ကို ကျပ်သိန်းပေါင်း ၃ သောင်း ၇ ထောင်ပေး၍ ဝယ်ယူ

IMG_6735.jpg

သန်လျင်မြို့နယ် စစ်ပင်ကွင်းကျေးရွာရှိ မြေဧက ၃၇၀ ကို ICT City တည်ဆောက်ရန်အတွက် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ ငွေကျပ်သိန်းပေါင်း ၃ သောင်း ၇ ထောင်ပေး၍ ဝယ်ယူခဲ့ကြောင်း သိရသည်။

လယ်မြေတစ်ဧကလျှင် ကျပ်သိန်း ၁၀၀ ဝန်းကျင်ပေး၍ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းစတင်ခြင်းကို ယခုနှစ်အတွင်း လုပ်ကိုင်နိုင်မည်ဟု သိရသည်။

“ဧက ၃၇၀ ထဲမှာ အိမ်ထောင်စု ၃၃ စုလောက် ရှိတယ်။ ဈေးအနေနဲ့ကတော့ လမ်းဘေးဆိုရင် ဈေးပိုပေးတယ်”ဟု စစ်ပင်ကွင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခင်အုန်းက ပြောသည်။

ICT City စီမံကိန်းအတွက် မြေနေရာဝယ်ယူခြင်းကို မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်က အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သော်လည်း ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းများအတွက် အသင်းချုပ်အနေဖြင့် တင်ဒါခေါ်ယူမှုများလည်း ပြုလုပ်သွားမည်ဟု အသင်းချုပ်ဥက္ကဋ္ဌ ဦးခွန်ဦးက ဆိုသည်။

“အသင်းချုပ်အနေနဲ့ ကိုယ်တိုင်လုပ်ဖို့ ငွေကြေးမရှိဘူး။ Developer တွေနဲ့လုပ်တဲ့အခါ ပြည်တွင်းကလည်း ဖြစ်နိုင်သလို ပြည်ပကလည်း ဖြစ်နိုင်တယ်။ အရေးကြီးတာ ပွင့်လင်းမြင်သာဖို့ပဲ။ လိုအပ်တဲ့အခါ တင်ဒါခေါ်သွားပါမယ်။ အဓိကအနေနဲ့ ဇုံတစ်ခုရဲ့ အင်္ဂါရပ်နဲ့ပြည့်စုံပြီး ICT နယ်ပယ်ကို အထောက်အကူပြု စေဖို့ပါ”ဟု ၎င်းက ပြောသည်။

ICT City ၏ စီမံကိန်းဧရိယာ ဧက ၃၇၀ အနက် ဧက ၁၁၀ ကို ပြည်တွင်းလုပ်ငန်းရှင်များအတွက် သတ်မှတ်ထားပြီး ကျန်ရှိသည့် ဧက ၂၆၀ ကို ပြည်တွင်း သို့မဟုတ် ပြည်ပမှ Developer များနှင့် လုပ်ကိုင်ဆောင်ရွက်သွားမည်ဟုလည်း သိရသည်။

“ဥပမာ – Microsoft တို့၊ Google တို့က လာမယ်။ သူတို့က ဧက ၅၀ ယူပြီး Develop လုပ်မယ်။ ဒါလည်းဖြစ်နိုင်တာပဲ” ဟု ဦးခွန်ဦးက ဆိုသည်။

ICT City စီမံကိန်းကို ဇန်နဝါရီလ ၂၂ ရက်က ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးသောင်းတင် လာရောက်ကြည့်ရှုခဲ့ပြီး ဒေသခံများနှင့် ပထမဦးဆုံးအကြိမ် တွေ့ဆုံခဲ့သည်။

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနသည် စီမံကိန်း အဓိကသက်ဆိုင်သည့် ဝန်ကြီးဌာနတစ်ခုအနေဖြင့် ရပ်တည်နေပြီး စီမံကိန်း အကောင်အထည် ဖော်ဆောင်မှုကို မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်ကသာ ဦးဆောင်သွားမည်ဟု ဦးသောင်းတင်က ပြောသည်။

လက်ရှိအချိန်၌ စီမံကိန်းဧရိယာအတွင်းရှိ အိမ်ထောင်စုများကို ပြန်လည်နေရာချထားရန် စီစဉ်နေကြောင်း ICT City စီမံကိန်းကြောင့် စီမံကိန်းဧရိယာ ပတ်ဝန်းကျင်ရှိ လယ်မြေများမှာလည်း ယခင် တစ်ဧကလျှင် ကျပ်သိန်း ၆၀ ဝန်းကျင် ပေါက်ဈေးရှိနေရာမှ ယခုအခါ တစ်ဧက ကျပ်သိန်း ၉၀ ဝန်းကျင်အထိ ဈေးနှုန်းမြင့်တက်လာ ကြောင်း ဦးခင်အုန်းက ဆိုသည်။