ဂိမ်းမင်းဆီကို

Msi_laptop.jpg

သမားရိုးကျ ကွန်ပျူတာ အသုံးပြုသူများက အွန်လိုင်းပေါ်မှာ အပြန်အလှန် ချက်ချင်းဆက်သွယ်ကြတဲ့ အလေ့အကျင့်တွေ များလာပြီး ပီစီကွန်ပျူတာတွေထက် Tablet နဲ့ Smartphone ကိုအားကိုးအားထားပြုပြီး သုံးစွဲလာတာကြောင့် ပြီးခဲ့တဲ့ တစ်နှစ်၊ နှစ်နှစ်အတွင်း ပီစီကွန်ပျူတာ ရောင်းအားတွေ ၁၀.၆ ရာခိုင်နှုန်းလောက် စီကျဆင်းခဲ့တယ်လို့ PC World မဂ္ဂဇင်းကြီးက ရေးသားဖော်ပြတာကို တွေ့ခဲ့ကြရတယ်။ ဒါပေမဲ့ သတင်းအချက်အလက် သုတေသန လုပ်ကိုင်ရာမှာ အလွန်နာမည်ကြီးလှတဲ့ IDC (International Data Corporation) ကတော့ ၂၀၁၅ ခုနှစ် စတုတ္ထ သုံးလပတ်အတွင်း အလုံးစုံပီစီ ရောင်းရတဲ့ အရေအတွက် ၇၁.၉ သန်းရှိတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပြီး  ဈေးကွက်လမ်းကြောင်းပြောင်း လာပုံကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်မှာပင် ထုတ်ပြန်ကြေညာ သွားတယ်။ လွန်ခဲ့တဲ့နှစ် အနည်းငယ်ကစပြီး စစ်တမ်းကောက် လေ့လာထားချက်အရ ဂိမ်းမင်းပီစီတွေရဲ့အရောင်းက ၂၆ ရာခိုင်နှုန်းစီ တစ်နှစ်ထက်တစ်နှစ် တက်လာကြောင်း ချပြသွားတယ်။ အထူးသဖြင့် ၂၀၁၆ ခုနှစ်မှာ ဈေးကွက်အခိုင်မာဆုံး ဖြစ်နေကြောင်း ရေးသားဖော်ပြ ထားတယ်။ သမားရိုးကျ သုံးစွဲနေကြတဲ့ Desktop PC တို့၊ Laptop PC တို့ရဲ့ ရောင်းအားကျမှုမှာ အမှန်အကန်လို့ ဆိုနိုင်ပေမယ့် AIO (All-in-One) Desktop PC များနဲ့ TIO (Two-in-One) Laptop များရဲ့ ရောင်းအားတွေကလည်း တိုးပွားလာနေတာ တွေ့နေကြရတယ်။ အထူးသဖြင့် အဆင့်မြင့် Desktop ကွန်ပျူတာနဲ့ အဆင့်မြင့် Laptop ကွန်ပျူတာရဲ့ စွမ်းပကားက ပီစီဂိမ်းများအတွက် မရှိမဖြစ် လိုအပ်နေစေတယ်။ ပီစီလောကမှာ ဈေးကွက်နေရာ အများဆုံးယူထားတဲ့ Microsoft ရဲ့ Windows စနစ်သစ်ကြီး Windows 10 နဲ့ Intel ရဲ့ Skylake တို့ရဲ့ အင်အားအပြင် အရှိန်အဟုန် မြင့်တက်လာတဲ့ Graphic စွမ်းဆောင်ရည်တွေနဲ့ display resolution များက ပီစီဂိမ်းတွေရဲ့လိုလားတောင့်တ ချက်တွေကို အပြည့်အဝ ဖြည့်ဆည်းနိုင်မှာ ဖြစ်တယ်။

IDC အဖွဲ့အစည်းရဲ့ ထုတ်ဖော် တင်ပြချက်နဲ့အတူ CES-2016 မှာ မြင်တွေ့ရတဲ့ ဂိမ်းပီစီ ကွန်ပျူတာတွေကလည်း ဂိမ်းမင်းဆီ ကူးပြောင်းလာပုံကို မီးမောင်းထိုးပြသလို ရှိနေခဲ့ပါတယ်။ ဂိမ်းပီစီကွန်ပျူတာ ထုတ်လုပ်ရေး လုပ်ငန်းလိုင်းကို ထုတ်လုပ်ရေး ကုမ္ပဏီတော်တော်များများက အလေးပေးဆောင်ရွက် လာကြတယ်။ အထူးသဖြင့် အာရှဈေးကွက်နဲ့ ဂိမ်းပီစီထုတ်လုပ်ရေးမှာ ဦးဆောင်နေတဲ့ တရုတ် (တိုင်ပေ) အခြေစိုက် msi ကုမ္ပဏီက ပြီးခဲ့တဲ့ computex 2015 ကျင်းပတဲ့ အချိန်ကစပြီး Gaming PC လိုင်းကိုပိုပြီး ဦးဆောင်နိုင်လာတာ တွေ့ကြရတယ်။ msi အနေနဲ့ Gaming PC အတွက် Motherboard နဲ့ Graphic ကတ်ကအစ gaming notebook တို့၊ gaming All-in One တို့ကိုပါ အမျိုးအစား မော်ဒယ်အဆင့်ဆင့်နဲ့ ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်ပေးတယ်။ Gaming လိုင်းရဲ့ ဒုဥက္ကဋ္ဌဖြစ်သူ Charles Chiang က Smartphone gaming အမျိုးအစား၊ eSports gaming အမျိုးအစား၊ high-end gaming အမျိုးအစား စသလိုခွဲခြား လုပ်ဆောင်ဖို့ Intel နဲ့ AMD တို့ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလလယ်မှာ သဘောတူညီချက်တွေ ယူခဲ့ကြတယ်။ တစ်နည်းအားဖြင့် တစ်ရှိန်ထိုး မြင့်တက်လာတဲ့ VR (Virtual Reality) အတွက်လည်း ခြေကုပ်ယူတဲ့ အခြေအနေဖြစ်တယ်။

msi ရဲ့ gaming notebook များထဲက နောက်ဆုံးထုတ်များဖြစ်တဲ့ GS60 မော်ဒယ်၊ GS72 မော် ဒယ်နဲ့ GT 72 မော်ဒယ်တွေက ဂိမ်းသမားများကို အပြည့်အဝ ဆွဲဆောင်နိုင်ခဲ့တယ်။ Tobii eye tracking ပေါင်းစပ် FPS ဂိမ်းအတွက် ပိုပြီးအသာစီး ရနိုင်စေတယ်။ Biometric login နဲ့အတူ Windows Hello ကိုစွမ်းဆောင်နိုင်ကြောင်း CES-2016 မှာပြသ သွားခဲ့တယ်။ အကောင်းဆုံး display နဲ့ထုတ်လုပ်တဲ့ GT60 Dominator Pro 3k.475 ကိုလည်း ဂိမ်းသမားတွေက အလွန်နှစ်သက်ကြတယ်။ ကောင်းဆို Portable Notebook အသွင်နဲ့ ထုတ်လုပ်တဲ့ GS60 Ghost ကလည်း နာမည်ကြီးလှတယ်။ Big Screen, Small Package လို့ဆိုညွှန်းထားတဲ့ GS70 Stealth Pro ဆိုရင် အရောင်းစံချိန် မြင့်မြင့်မားမား ရှိသွားစေတယ်။ အလုံးစုံ ကောင်းမွန်မှုအတွက် ဂိမ်းသမားများက msi GT 80 Titan ကိုသဘောကျ နှစ်ခြိုက်ကြပါတယ်။

CES 2016 အတွက် အထူးခြားဆုံး မြင်ကွင်းကတော့ full fledged gaming PC အတွက် ထုတ်လုပ်ပြသတဲ့ Vortex ဖြစ်တယ်။ Multiple-4K displays များနဲ့ ကစားခွင့်ရမှာ ဖြစ်တယ်။ Motherboard နဲ့ပတ်သက်ပြီး msi z170A Gaming Pro Carbon Edition နဲ့ X99A Godlike Gaming Carbon Edition များကလည်း တက်ရောက်ကြည့်ရှုသူ အပေါင်းကို နှစ်ခြိုက်အားရမှု ပြည့်ဝစေပြန်တယ်။ အထူးခြားဆုံးအဖြစ် External Desktop Graphics Enclosure တပ်ဆင်ထားတဲ့ AIO Gaming PC ကိုမိတ်ဆက် ပြသရာမှာ Gaming လိုင်းရဲ့ အထွတ်အထိပ်ကို ရောက်သွားတာ တွေ့ကြရတယ်။ FHD (1920 x 1080) အနေနဲ့ဖြစ်ဖြစ်၊ QHD (2560 x 1440) 144 Hz ဖြစ်ဖြစ်၊ 4K (3840 x 2160) 60 GHz ဖြစ်ဖြစ် လိုအပ်သလို configured လုပ်ပြီး အသုံးချနိုင်တယ်။ ဒါ့အပြင် Gaming 27XT-AIO အနေနဲ့ M2 interface နှစ်ခုကို SATA based storage အပြင် ပေါင်းစပ်သုံးခွင့်ပြုတဲ့ ပထမဆုံး  Gaming လောကရဲ့ AIO PCs အဖြစ် သရဖူဆောင်း ပြသွားတယ်။ msi ရဲ့အဆိုအရ 3.3 GB/S အထိမြင့်မားလှတဲ့ storage speed ကိုထိန်းပေးနိုင်တဲ့ M2 PCI-e SSDs နှစ်ခုကို RAID O Setup နဲ့ပြုလုပ်နိုင်ကြောင်း သိရတယ်။

msi vortex gaming PC ကို မြင်တွေ့ကြရသူတိုင်းက Apple ရဲ့ Mac Pro နဲ့နှိုင်းယှဉ် လေ့လာမိကြတယ်။ အသွင်အပြင်နဲ့ စွမ်းအားပမာဏများ တူညီကြပေမယ့် ဦးတည်ချက်ချင်း ကွဲပြားတဲ့အတွက် ပိုပြီးစိတ်ဝင်စားမှုရှိကြစေတယ်။ Apple ရဲ့ Mac Pro က Professional users များကို ရည်ရွယ်တည်ဆောက် ထားခဲ့တာဖြစ်ပေမယ့် msi vortex ကတော့ ဂိမ်းသမားများ အတွက်သာ ရည်စူးထုတ်လုပ်တာ ဖြစ်တဲ့အတွက် ပိုပြီးစွဲမက်စရာ ကောင်းတယ်လို့  မှတ်ချက်ပြုကြရတယ်။

အပေါ့ဆုံး၊ အပါးဆုံး ပုံစံပြု gaming laptop အဖြစ်ပြသတဲ့ GS40 Phantom ကလည်း တမူထူးခြားလှတယ်။ နောက်ဆုံး တစ်နှစ်တစ်ကြိမ် ခေတ်သစ်ကွန်ပျူတာ လောကကို မီးမောင်းထိုးပြလေ့ရှိတဲ့ အမေရိကန်နိုင်ငံ လပ်စ်ဗီးဂပ်စ်က ပြပွဲကြီးတွေထဲမှာ CES 2016 က ကွန်ပျူတာစနစ်တွေရဲ့ အမြင့်ဆုံးတွေ၊ ပါဝါတွေနဲ့ CES 2016 ကို သမိုင်းမှတ်တိုင် စိုက်နိုင်ခဲ့တယ်။ ဒီအတွက် CES-Innovation Award (2016) အတွက် msi-GS40 Phantom ကို MSI Gaming 27XT နဲ့ MSI Vortex Gaming PC တို့ကို ချီးမြှင့်ခြင်းခံခဲ့ရတယ်။ msi ရဲ့ Gaming ဆီကို ဦးတည်ပြီး ၂၀၁၅ ခုနှစ်မှာ အားစိုက်ခဲ့တဲ့ အကျိုးဆက်တွေကို ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းမှာပင် အောင်မြင်မှုများ ရရှိသွားကြောင်း တင်ပြပေးလိုက်ရ ပါတယ်။