Twitter ပြတ်တောက်မှုကြောင့် လူအများစု စိုးရိမ်တကြီး တုံ့ပြန်

Twitter_Logo_Hd_Png_01.jpg

ပြီးခဲ့သည့် အင်္ဂါနေ့က လူမှုရေးမီဒီယာတစ်ခုဖြစ်သော Twitter မှာ ၆ နာရီခန့် ပြတ်တောက်မှု ဖြစ်ပွားခဲ့ပြီးနောက် လူများစွာအနေဖြင့် ထိတ်ထိတ်ပျာပျာ ဖြစ်ခဲ့ကြသည်။

မာတင်ဘတ်တာ၏ နေ့စဉ်လုပ်ငန်းဆောင်တာတွင် ကော်ဖီပူတစ်ခွက်နှင့် Twitter ကြည့်ရှုခြင်းတို့ ပါဝင်သည်။ ၎င်းအနေဖြင့် ပြီးခဲ့သည့် အင်္ဂါနေ့တွင် Twitter ၌ log in ဝင်နိုင်ခြင်း မရှိသည့်အခါ အင်တာနက် ပြတ်တောက်နေကြောင်း အထင်ရှိလာသည်။ နောက်ပိုင်းတွင် Twitter ပြတ်တောက်မှုဖြစ်ပေါ်ကြောင်းကို Facebook ပေါ်တွင် ဖတ်ရှုရသည်။ “ကျွန်တော့်အနေနဲ့ ဘာကြောင့် ဒီလောက်စွဲလမ်းရတယ်ဆိုတာ မသိပါဘူး” မာတင်ဘတ်တာက ပြောဆိုခဲ့သည်။

Twitter နှင့် Facebook ကဲ့သို့ platform များသည် လူသားများ၏ နေ့စဉ်ဘဝတွင် အလေ့အထတစ်ခု ဖြစ်လာကာ ၎င်းတို့ မပါဝင်ဘဲ နေထိုင်ရန် ခက်ခဲသည့် ပုံစံမျိုး ဖြစ်လာသည်။ အွန်လိုင်းအသုံးပြုနေသော ကမ္ဘာ့လူဦးထက်ဝက်ခန့်သည် လူမှုရေးမီဒီယာကို ပုံမှန် အသုံးပြုနေသောကြောင့် လူမှုရေးမီဒီယာများ ပြတ်တောက်မှု ဖြစ်ပေါ်သည့်အခါ အချို့သူများအတွက် ကမ္ဘာပျက်သကဲ့သို့ ခံစားရစေသည်။

လူမှုရေး ဆက်နွယ်မှု၊ အန္တရာယ်ကင်းရေးနှင့် လုံခြုံရေးတို့သည် လူသားအမူအကျင့်၏ အဓိကမောင်းနှင်အား ဖြစ်ကြောင်း လူသားအမူအကျင့်နှင့်နည်းပညာ လေ့လာရေး မီဒီယာ စိတ်ပညာသုတေသန စင်တာဒါရိုက်တာ ဒေါက်တာ ပင်မလာရုဒ်လတ်ကပြောကြားခဲ့သည်။ “လူတွေအနေနဲ့ Twitter ပြတ်တောက်ချိန်မှာ အလောတကြီး တုံ့ပြန်ကြတာ မအံ့သြပါဘူး။ ကျွန်မတို့က Twitter ပြတ်တောက်မှုဟာ ယာယီဖြစ်တယ်ဆိုတာ သိနေတာတောင်မှ ဒေါသတကြီး စိတ်ပျက်လက်ပျက်တုံ့ပြန်ကြတာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

Ref: CNET