4TV HD Package နှင့်ပတ်သက်၍ တိုင်ကြားမှု များပြားလာဟုသိရ

4TV HD Package တွေနဲ့ပတ်သက်ပြီး တိုင်ကြားမှုတွေများလာကြောင်း စားသုံးသူရေးရာဦးစီးဌာနက ထုတ်ပြန်ပါတယ်။

Forever Group Co.,Ltd မှ ထုတ်လွှင့်နေတဲ့ 4TV HD Package တွေကို အခြား Channel တွေနဲ့ အစား ထိုးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သုံးစွဲသူပြည်သူတွေက နေပြည်တော်ရုံးချုပ်ရှိ CICC Facebook Page ကို ဆက်သွယ်တိုင်ကြားမှု များလာကြောင်း ထုတ်ပြန် ထားပါတယ်။ Package ပြောင်းလဲတပ်ဆင်ရာမှာ ကြိုတင်အကြောင်းကြားမှုမရှိခြင်း၊ စားသုံးသူပြည်သူတွေက ရွေးချယ်ဝယ်ယူထားတဲ့ Package သက်တမ်းတိုးရာမှာ ငွေကြေးဆုံးရှုံးမှုရှိခြင်း၊ Package ပြောင်းလဲအသုံးပြုတဲ့ လက်ရှိပြသတဲ့လိုင်းတွေနဲ့ အရင်ပြသတဲ့ လိုင်းတွေကို နှစ်သက်မှု မရှိခြင်းတို့ကို တိုင်ကြားလျက်ရှိတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အဲဒါကြောင့် Forever Group Co.,Ltd အနေနဲ့ စားသုံးသူပြည်သူတွေ စိတ်ကျေနပ်မှုရှိစေဖို့နဲ့ ထိခိုက်နစ်နာမှုများမရှိစေဖို့ ဖြေရှင်းပေးသင့်ကြောင်း လေးစားစွာ တိုက်တွန်းအပ်ပါတယ်ဆိုပြီး ဖော်ပြထားပါတယ်။

4TV ရုပ်သံလိုင်းတွေအစား CANAL+ Myanmar ရုပ်သံလိုင်းသစ်တွေအဖြစ် ပြောင်းလဲထုတ်လွှင့်ရာမှာ ကြည့်ရှုသူပရိသတ်တွေ အဆင်မပြေဖြစ်ခဲ့ရတဲ့အတွက် အနူးအညွှတ်တောင်းပန်ကြောင်း၊ ဆက်လက်ကြည့်ရှုဖို့ တောင်းဆိုထားတဲ့ အစီအစဉ်အချို့ကို CANAL+ Myanmar ရဲ့ရုပ်သံလိုင်းတွေမှာ ပြီးဆုံးတဲ့အထိ ဆက်လက်ပြသသွားမှာဖြစ်ကြောင်းကိုလည်း 4TV ကကြေညာ ထားပါတယ်။ အစီအစဉ်အသေးစိတ်ကို CANAL+ Myanmar FG ရဲ့ Facebook စာမျက်နှာမှာ ဝင်ရောက်ကြည့်ရှုနိုင်တယ်လို့လည်း ပြောကြားထားပါတယ်။

စားသုံးသူ (သုံးစွဲသူ) တွေအနေနဲ့ ကုန်စည်နဲ့ဝန်ဆောင်မှုတွေကို တန်ဖိုးတစ်ခုပေးပြီး ဝယ်ယူသုံးစွဲတဲ့အခါမှာ Right to Information (ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ မှန်ကန်ပြည့်စုံသော သတင်းအချက်အလက်များ ရရှိစေခြင်း) နဲ့ Right to Choice (ကုန်စည်နှင့် ဝန်ဆောင်မှုများအား စိတ်ကြိုက်ရွေးချယ်နိုင်ခွင့် ရရှိစေခြင်း) တွေဟာ စားသုံးသူတွေရဲ့အခွင့်အရေးတွေကို စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေမှာ ပြဋ္ဌာန်းထားကြောင်းကိုလည်း စားသုံးသူရေးရာဦးစီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြ ထားပါတယ်။