4G အတွက် ဒေါ်လာ သန်း ၈၀ ထပ်မံရင်းနှီးမြှုပ်နှံရန် စီစဉ်

Telenor က 4G အတွက် ဒေါ်လာသန်း ၈၀ ထပ်မံ ရင်းနှီးမြှုပ်နှံမှာဖြစ်ကြောင်း ပြောကြားပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်းက 1800 MHz လှိုင်းနှုန်းစဉ်ရဲ့ ပထမဆုံး 2 X 10 MHz ကို အမေရိကန် ဒေါ်လာ သန်း ၈၀ နဲ့ အသုံးပြုခွင့် ရရှိထားပြီးဖြစ်ကြောင်း၊ အဲဒီအသုံးပြုခွင့် လုပ်ငန်းစဉ်မှာ ထပ်ဆောင်းလှိုင်းနှုန်းစဉ်တွေကို အများဆုံး 2 X 10 MHz အထိ ဆက်သွယ်ရေး အော်ပရေတာတွေအနေနဲ့ ထပ်မံရယူခွင့်ပြု ထားခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။ တယ်လီနောဟာ 1800 MHz လှိုင်းနှုန်းစဉ်ရဲ့ ထပ်ဆောင်း လှိုင်းနှုန်းစဉ်တွေ ရယူခွင့်ကို ရယူအသုံးပြုလျက် ရှိတယ်လို့ ဆိုပါတယ်။

“မြန်မာနိုင်ငံမှာ မိုဘိုင်းဒေတာသုံးစွဲမှုကို အလေးထား အသုံးပြုနေတာဖြစ်လို့ ခေတ်မီအဆင့်မြင့် ကွန်ရက်တစ်ခု ဖော်ဆောင်ထားဖို့ ရင်းနှီးမြှုပ်နှံမှုတွေကို ဆက်လက်လုပ်ဆောင်လျက် ရှိပါတယ်။ လှိုင်းနှုန်းစဉ်အသုံးပြုမှုကို နှစ်ဆတိုးမြှင့်လိုက်တာဖြစ်လို့ ပိုမိုကောင်းမွန်တဲ့ ကွန်ရက်လွှမ်းခြုံမှုတွေ ရှိလာမှာလည်း ဖြစ်ပါတယ်” လို့ တယ်လီနောရဲ့ အမှုဆောင် အရာရှိချုပ် Lars Erik Tellmann က ပြောပါတယ်။

အခုနှစ်အကုန်မှာ မြန်မာနိုင်ငံရဲ့ မြို့ကြီးတွေနဲ့ ထင်ရှားတဲ့ခရီးသွားနေရာ စုစုပေါင်း ၅၀ မှာ ကွန်ရက် လွှမ်းခြုံဖို့ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။၂၀၁၃ ခုနှစ် လုပ်ငန်းတွေ စတင်တဲ့ အချိန်ကနေ ယနေ့အချိန်အထိ အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ တာဝါတိုင်ပေါင်း ၈၀၀၀ ခန့် ရှိပြီးဖြစ်ကာ သုံးစွဲသူ ၁၉ သန်းကျော်ရှိပြီလို့ သိရပါတယ်။

-ထွန်းထွန်း