MandalaySoft2014 & DevCon2014 Mandalay ၌ ကျင်းပမည့် Software Competition (Web Application) ပြိုင်ပွဲများအတွက် အချက်အလက်များ ထုတ်ပြန်

မန္တလေးတိုင်းဒေသကြီး ကွန်ပျူတာပညာရှင်နှင့် လုပ်ငန်းရှင် အသင်းတို့ ပူးပေါင်း၍ MandalaySoft 2014 နှင့် Devcon Mandalay 2014 ကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၁၂၊ ၁၃၊ ၁၄ ရက်များတွင် ကျင်းပမည်ဖြစ်ပြီး အဆိုပါပွဲတွင် ပြုလုပ်မည့် Software Competition (Web Application) ပြိုင်ပွဲသို့ ပါဝင်လိုသူများအတွက် အချက်အလက်များ ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ပြိုင်ပွဲဝင်လျှောက်ထားသူများသည် MCPA Member ဖြစ်ရမည်ဖြစ်ပြီး အဖွဲ့ ၁ ဖွဲ့လျှင် ၂ ဦး နှင့် ပြိုင်ပွဲဝင်အဖွဲ့ ၁၀ ဖွဲ့အထိသာ လက်ခံခွင့်ပြုသွားမည်ဖြစ်သည်။ ပြိုင်ပွဲကို ဒီဇင်ဘာလ ၁၂ ရက် နံနက် ၈ နာရီခွဲမှ ညနေ ၅ နာရီအထိ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။ ဆုငွေများနှင့် မန္တလေးတိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်း အသိအမှတ်ပြု ဂုဏ်ပြုလက်မှတ်၊ ဆုတံဆိပ်တို့ကို ချီးမြှင့်ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲဝင်များသည် ဒီဇင်ဘာလ ၁၂ ရက်တွင် Coding ရေးသားခြင်းကို ယှဉ်ပြိုင်ရမည်ဖြစ်ပြီး၊ ဒီဇင်ဘာလ ၁၃ ရက် နံနက် ၉ နာရီတွင် ပဏာမ ရွေးချယ်ခြင်းခံရသော အဖွဲ့စာရင်းကို ထုတ်ပြန်ကြေညာမည်ဖြစ်ကာ ပဏာမ ရွေးချယ်ခံရသော အဖွဲ့သည် ဒီဇင်ဘာလ ၁၃ ရက် မွန်းလွဲ ၁ နာရီတွင် မိမိတို့ယှဉ်ပြိုင်ခဲ့သော Software နှင့်ပတ်သက်သည့် Presentation ကို ၁ ဖွဲ့လျှင် ၁၅ မိနစ်စီ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲဝင်လျှောက်လွှာပုံစံများကို အသင်းရုံးတည်ရှိရာ ရွှေဖြူပလာဇာ ဒုတိယထပ် ၃၃× ၇၇ လမ်းထောင့်၊ ဖုန်း- ၀၂-၆၉၃၁၃၊ ၀၂-၆၉၃၁၅ သို့ ရုံးချိန်အတွင်း ဒီဇင်ဘာလ ၁၀ ရက် ညနေ ၅ နာရီ နောက်ဆုံး ထား၍ လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။