လာမည့်နှစ်တွင် iPhone 5C ထုတ်လုပ်မှု ရပ်ဆိုင်း သွားမည်ဟုဆို

iphone-5c-color-options2.jpg

Apple သည်၂၀၁၅ ခုနှစ်တွင် တန်ဖိုးနည်း iPhone 5C ထုတ်လုပ်မှု ရပ်ဆိုင်းသွားတော့မည် ဖြစ်ကြောင်း တရုတ် (တိုင်ပေ) ၏ Industrial and Commercial Times မှဖော်ပြ သွားခဲ့သည်။

iPhone 5C အစိတ်အပိုင်းများ ထုတ်လုပ်သည့် Foxconn နှင့် Wistronသည် iPhone 5C ထုတ်လုပ်မှုကို လျှော့ချနေလျက်ရှိပြီး ၂၀၁၅ နှစ်လည်အတွင်းထုတ်လုပ်မှု ရပ်ဆိုင်းသွားမည် ဖြစ်ကြောင်း MacRumors ကလည်း ဖော်ပြခဲ့သည်။ ပြီးခဲ့သည့်နှစ်က Apple သည် တန်ဖိုးနည်းပြီး iPhone 5S အစား feature ပါဝင်မှုနည်းပါးသော iPhone 5C ကိုထုတ်လုပ်ခဲ့သည်။ iPhone 5C တွင် Touch ID လက်ဗွေစနစ်နှင့် iPhone 5S တွင် အသုံးပြုထားသော A7 ပရိုဆက်ဆာတို့လည်း ပါဝင်ခြင်းမရှိပေ။ ထို့အပြင် အရောင်ငါးမျိုးဖြင့် ထုတ်လုပ်ထားသော 5C 8GB ဗားရှင်းကို နှစ်နှစ်စာချုပ် အပါအဝင် ၉၉ ဒေါ်လာဖြင့် ရောင်းချခဲ့သည်။ iPhone 5C စမတ်ဖုန်းများ ထုတ်လုပ်မှုအား မည်သည့်ရည်ရွယ်ချက်ဖြင့် ရပ်ဆိုင်းသွားမည်ကို မသိရှိရသေးသော်လည်း Apple သည် မော်ဒယ်ထုတ်ကုန် သစ်များထုတ်လုပ်ရန် ထုတ်ကုန်ဟောင်းများကို ဖျက်သိမ်းပစ်ဖွယ်ရှိသည်။ အစောပိုင်းတွင် သုံးစွဲသူများ 5S ကိုဝယ်ယူကြရန် စိတ်အားထက်သန် လျက်ရှိသောကြောင့် 5C ရောင်းချမှု မအောင်မမြင် ဖြစ်ခဲ့ရသည်။ သုတေသနကုမ္ပဏီ CIRP မှဇန်နဝါရီ စစ်တမ်းတွင် ၂၀၁၃ ခုနှစ် နောက်ဆုံး သုံးလပတ်အတွင်း 5S ရောင်းချမှု ၅၉ ရာခိုင်နှုန်းရှိချိန်တွင် 5C ရောင်းချမှု ၂၇ ရာခိုင်နှုန်းသာ ရှိခဲ့သည်။

သို့သော်လည်း 5C ဈေးနှုန်းသည် ဈေးကွက် အများအပြားရှိ တန်ဖိုးနည်း ဖုန်းဝယ်ယူလို သူများအတွက် အထောက်အပံ့ တစ်ခုဖြစ်လာဖွယ်ရှိသည်။ iPhone 5C ကို ဈေးကွက်အချို့တွင် လက်လီဈေး ဒေါ်လာ ၅၄၉ ဖြင့် ရောင်းချနေကြပြီး 5C အား တန်ဖိုးနည်းဖုန်းအဖြစ် လုံးဝတည်ဆောက်ထားခြင်း မဟုတ်ကြောင်း Apple အမှုဆောင် အရာရှိချုပ် တင်မ်ကွတ်ခ်က ပြောကြားခဲ့သည်။

-စိုးထက်
Ref : CNET