ပေါ်ပြူလာ ဖြစ်လာတဲ့ လျှပ်စစ်ပါဝါ သုံးကားများ

images-finish.jpg

လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော် ကတည်းက လျှပ်စစ်ပါဝါနဲ့ မောင်းနှင်တဲ့ ကားတွေကို မိတ်ဆက်ပေး နိုင်ခဲ့တယ်။ ဒါပေမဲ့  နောက်ပိုင်းမှာ ရုပ်ကြွင်းဖြစ် လောင်စာဆီနဲ့ မောင်းနှင်တဲ့ကားတွေ ခေတ်စားလာတဲ့အတွက် လျှပ်စစ်ပါဝါနဲ့ တိုက်ရိုက်မောင်းနှင်တဲ့ ကားတွေရဲ့ အခန်းကဏ္ဍက မှေးမှိန်နေခဲ့တယ်။ မကြာသေးတဲ့ နှစ်အနည်းငယ် လောက်ကစပြီး အ ကြောင်းအမျိုးမျိုးကြောင့် လျှပ်စစ်ပါဝါ သုံးကားတွေက သစ်ဆန်းလာကာ တစ်နှစ်ထက်တစ်နှစ် ပေါ်ပြူလာ ဖြစ်လာပြန်တော့တယ်။

၂၀၁၄ ခုနှစ် အောက်တိုဘာလ အတွင်းက ကမ္ဘာပေါ်မှာ အမြန်ဆုံး ကားအဖြစ် ကြွေးကြော်ပြီး Detroit Electric က SP.01 Sport Car လေးကို စမ်းသပ်ပြခဲ့တယ်။ နှစ်ယောက် ထိုင်စီးနိုင်တဲ့ ပြိုင်ကားပုံစံ ဒီဇိုင်းနဲ့ ပြုလုပ်ထားတယ်။ Detroit Electric နဲ့ ပတ်သက်ပြီး အကျွမ်းတဝင် သိရှိသူနည်းပါး ပါလိမ့်မယ်။ ဒါပေမဲ့ လျှပ်စစ်ကား EV ကို ၁၉၀၇ ခုနှစ်ကတည်းက ထုတ်လုပ်ရောင်းချခဲ့ပြီး ထိပ်တန်းစာရင်းဝင် ဖြစ်ခဲ့တယ်။ အမေရိကန်နိုင်ငံ မီချိကန်ပြည်နယ် ဒက်ထရွိုက်မြို့မှာရှိတဲ့ Anderson Electric Car ကုမ္ပဏီကြီးအဖြစ် ၁၉၀၇ ခုနှစ်ကနေ ၁၉၃၉ ခုနှစ်အထိ ရပ်တည်ခဲ့ပြီး နောက်ပိုင်းမှာ Detroit Electric အမှတ်တံဆိပ်နဲ့ နာမည်ပြောင်းလဲပြီး ထုတ်လုပ်ခဲ့တယ်။

ရုပ်ကြွင်းဖြစ် လောင်စာဆီနဲ့မောင်းတဲ့ မော်တော်ကားတွေကို အတွင်းပေါက်ကွဲမှုအားနဲ့ လည်ပတ်စေတဲ့အတွက် ICE (Internal Combustion Engine) ကားတွေလို့ ခေါ်ထွင်စေပြီး EV (Electric Vehicle) ကားတွေကတော့ လျှပ်စစ်ပါဝါကို အသုံးချပြီး မော်တော်တွေနဲ့ လည်ပတ်စေတဲ့အတွက် လျှပ်စစ်ကားလို့ပင် ရိုးရှင်းစွာ ခေါ်ဆိုခဲ့ကြတယ်။ Detroit Electric ရဲ့ SP:01 ကားလေးကို စက်ပိတ်ပြီး ရပ်ထားရာကနေ စက်နှိုးလိုက်ပြီး မောင်းထွက်လိုက်စေပါက ၃-၇ စက္ကန့်အတွင်း တစ်နာရီ ၁၅၅ မိုင်နှုန်းကို ရရှိသွားစေခဲ့တဲ့အတွက် ကမ္ဘာပေါ်မှာ အမြန်ဆန်ဆုံး လျှပ်စစ်ကားလို့ ဆိုညွှန်းမှုပြုခဲ့တာ ဖြစ်တယ်။ တစ်ကြိမ် အားသွင်းထားပါက ၁၀၀ မိုင်အထိ  တစ်ဆက်တည်း မောင်းနှင်နိုင်ခဲ့တယ်။ ၂၀၁၅  ခုနှစ်အတွင်း ဗြိတိန်နိုင်ငံ အလုပ်ရုံမှာ ထုတ်လုပ်ပြီး ကမ္ဘာ့ဈေးကွက်ကို ပို့ပေးပါလိမ့်မယ်။

လျှပ်စစ်ကားဆိုတဲ့ နေရာမှာ hybrid ပုံစံပြုရှိသလို လျှပ်စစ်ပါ ဝါသုံးသက်သက် ပုံစံပြုထားတာလည်း ရှိတယ်။ လျှပ်စစ်ကား ဝယ်ယူ အသုံးပြုသူ ပိုပိုများလာတဲ့အတွက် ရောင်းချတဲ့ ဈေးနှုန်းတွေကလည်း တဖြည်းဖြည်းပိုပြီး ကျဆင်းလာတယ်။ ၂၀၁၄ ခုနှစ်အတွင်း လျှပ်စစ်ကား ထုတ်လုပ်ရောင်းချမှု ၇ ရာခိုင်နှုန်း တိုးတက်လာတယ်လို့ သုတေသန မှတ်တမ်းတွေမှာ ဖော်ပြခဲ့တယ်။ လေ့လာဆန်းစစ်သူတွေက ၂၀၂၀ ခုနှစ် ရောက်တဲ့အခါမှာ တစ်နှစ်တစ်နှစ်အတွင်း အနည်းဆုံး ၆.၆ သန်းလောက် ရောင်းချနိုင်တဲ့ အဆင့်ရှိမယ်လို့ဆိုတယ်။ အမေရိကန်နိုင်ငံ ဈေးကွက်တစ်ခု တည်း အနေဖြင့် သီးခြားလေ့လာ ကြည့်ရာမှာ ၂၀၁၄ ခုနှစ် ပထမ ၆ လ ရောင်းအား ၄၈ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့တယ်လို့လည်း သိရှိကြရတယ်။

ဈေးကွက် သုတေသန စစ်တမ်းအရ ၂၀၁၄ ခုနှစ်အတွင်း ရောင်းအား အကောင်းဆုံး လျှပ်စစ်ကား ၇ မျိုးကို ပေါ်လွင်တိကျစွာ သိရှိခွင့်ရခဲ့တယ်။ Ford Fusion Energi Plug-in Hybrid EV မော်ဒယ် အမည်ပေးထားတဲ့ အလတ်စား ဆီဒင်ကားလေးကို ဇွန်လအတွင်း ၁၉၃၉ စီးရောင်းချ နိုင်ခဲ့တယ်။ Toyota Prius Plug-in ကတော့ ဇွန်လအတွင်း  ၁၅၇၁ စီး ရောင်းနိုင်ခဲ့တယ်။ နာမည်ကြီးလှတဲ့ Telsa Model S ဆိုရင် ၂၀၁၄ ခုနှစ် တစ်နှစ်ကာလအတွင်း ၁၂၉၁၃ စီး အထိ ရောင်းချနိုင်လိမ့်မယ်လို့ တွက်ဆပြောဆို ခဲ့ကြတယ်။ Ford C-Max Energi Plug-in Hybrid EV ကတော့ ဇွန်လရောင်းချအား ၉၈၈ စီး ရှိတဲ့အတွက် တစ်နှစ်စာရောင်းအား ၃၉၂၈ ရှိမယ်လို့ဆိုတယ်။ Toyota RAV4 EV နဲ့ Nissan Leaf တို့ Chevy Spark EV တို့ကလည်း ၂၀၁၄  ခုနှစ်မှာ သိသိသာသာကြီး ရောင်းအားတက်ခဲ့တာကို တွေ့ကြရတယ်။

လျှပ်စစ်ကား ထုတ်လုပ်မှုနဲ့ ပတ်သက်ပြီး ၂၀၁၄ ခုနှစ်အတွင်း ထူးခြားချက် တစ်ရပ်ကတော့ Solar Panel တပ်ဆင်ပြီး ထုတ်လုပ်မှု ဒီဇိုင်းတွေ ပိုတိုးလာတာ ဖြစ်တယ်။ တသီးတခြား ပလပ်ထိုးအားသွင်းရတဲ့ အခြေအနေထက်ပိုပြီး အ ဆင်ပြေလာတာကြောင့် ဝယ်ယူအသုံးပြုသူတွေ ပိုပြီး စိတ်ဝင်စားစရာ ဖြစ်ခဲ့တယ်။

သမားရိုးကျ မော်တော်ကားတွေမှာ ကွန်ပျူတာစနစ်တွေနဲ့ အင်တာနက် ချိတ်ဆက်မှုတွေ အသုံးချနိုင်တဲ့ အဆင့်အထိ မြင့်မြင့်မားမား ဖြစ်လာပြီး စမတ်ဖုန်းကတစ်ဆင့် ထိန်းချုပ်ဆောင်ရွက် စွမ်းတွေရှိတဲ့အကြောင်း ကြွေးကြော်ရင်း ခေတ်သစ် မော်တော်ကား ပုံစံပြောင်းလဲမှုတွေ ရှိလာတယ်။ လျှပ်စစ်ကား ထုတ်လုပ်သူတွေကလည်း တစ်ချိန်တည်းမှာ အလိုအလျောက် မောင်းနှင်သွားနိုင်တဲ့ autonomous  car အဆင့်လို တစ်ဆင့်တက်လှမ်း နေကြပါတယ်။ မကြာသေးခင်က  Fraunhofer Institute ရှိ သိပ္ပံပညာရှင်တွေက ကားပေါ်မှာ လူတစ်ဦးတစ်ယောက်မျှ မပါပေမယ့် မိမိဆီကို အလိုအလျောက်ရွေ့ လျားလာစေသလို စိတ်တိုင်းကျ သေသေသပ်သပ် ရပ်နားနေရာယူနိုင်ဖို့ စမတ်ဖုန်းနဲ့ ထိန်းချုပ်ဆောင်ရွက် နိုင်ပြီလို့ ကြေညာခဲ့တယ်။ Afkar Projects လို့ အမည်ပေးပြီး ကြိုးစားဆောင်ရွက်ခဲ့ကြတာ ဖြစ်တယ်။

၂၀၁၄ ခုနှစ်မှာ လျှပ်စစ်ကား ထုတ်လုပ်ရောင်းချနိုင်မှု တိုးတက်လာတာက အံ့အားသင့်စရာ ဖြစ်စေတယ်လို့ ပြောဆိုရာမှာ ဇိမ်ခံကား၊ ပြိုင်ကားနဲ့ အိမ်သုံးကားတွေကိုသာ ရည်ညွှန်းပြောဆို ခဲ့ပေမယ့် အများဆုံး လျှပ်စစ်ဘတ်စ်ကားများ ထုတ်လုပ်မှုကလည်း တစ်နှစ်ထက်တစ်နှစ် တိုးတက်လာကြောင်း တင်ပြစရာရှိပါသေးတယ်။ လျှပ်စစ်ဘတ်စ်ကားတွေကို ၁၉၁၅ ခုနှစ် ကတည်းက စတင်ထုတ်လုပ် ရောင်းချခဲ့ပါတယ်။ အထူးသဖြင့် တောင်ကိုရီးယားနိုင်ငံရဲ့ ဆိုးလ်မြို့မှာ လျှပ်စစ်ကားတွေ နဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်း အထူးအောင်မြင်ခဲ့တယ်။ ဒုတိယ အကြီးကျယ်ဆုံး အသုံးပြုတာကတော့ တရုတ်နိုင်ငံ ဖြစ်တယ်။ ဂျပန်၊ သြစတြေးလျ အပါအဝင်နိုင်ငံ တော်တော်များများမှာ လျှပ်စစ် ဘတ်စ်ကား အသုံးပြုမှု တစ်နှစ်ထက် တစ်နှစ်တိုးများလာကြောင်း တင်ပြရင်း လေထုညစ်ညမ်းမှု လျှော့ချရေး Green စီမံကိန်းများကို ကြိုဆိုလိုက်ရပါတယ်။

ဝင်းစံ