MPT မိုဘိုင်းဖုန်း ပုံမှန်အသုံးပြုသူ ၆ သန်းကျော်နှင့် ဆွေသဟာ အသုံးပြုသူ ၁၀ သန်းကျော်ရှိ

12189310_876312139149740_6076906738418135385_o.jpg

MPT မိုဘိုင်းဖုန်း ပုံမှန်အသုံးပြုသူ ၆ သန်းကျော်နှင့် ဆွေသဟာအသုံးပြုသူ ၁၀ သန်းကျော်ရှိကြောင်း သိရသည်။

ထို့ကြောင့် MPT ၏ မိုဘိုင်းဖုန်း အသုံးပြုသူစုစုပေါင်း ၁၆ သန်းဝန်းကျင်ရှိကြောင်း မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ သတင်းထုတ်ပြန်သည်။

“ဆွေသဟာ အသုံးပြုသူ ၁၀ သန်းကျော်ရှိပြီ ဖြစ်တဲ့အတွက် ၁၀ သန်းမြောက် ဆွေသဟာရယူသူကို ဆုချီးမြှင့်ပေးခဲ့တာဖြစ်ပါတယ်” ဟု MPT-KSGM Joint Operations မှ Chief Commercial Officer ဖြစ်သူ Mr.Koichi Kawase က ၁၀ သန်းမြောက် ဆွေသဟာသုံးစွဲသူအား လက်ဆောင်ချီးမြှင့်ခြင်း အခမ်းအနားတွင် ပြောသည်။

လက်ရှိ MPT အနေဖြင့် 2G နှင့် 3G နည်းပညာသုံး ကွန်ရက်များကို ဆောင်ရွက်ထားကြောင်း သိရသည်။

လက်ရှိအချိန်တွင် အော်ပရေတာ စုစုပေါင်းအနေဖြင့် မိုဘိုင်းဖုန်းသိပ်သည်းဆ ၆၀ ရာခိုင်နှုန်းကျော် ရှိလာကြောင်း၊ ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုများပေးနိုင်မည့် လိုင်စင် ၆၀ ကျော်ကိုလည်း ထုတ်ပေးပြီးဖြစ်ကြောင်း သိရသည်။

လာမည့်နှစ်အတွင်း မိုဘိုင်းဖုန်း သိပ်သည်းဆ ၈၀ ရာခိုင်နှုန်း ရောက်ရှိလာစေရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်က ပြောကြားဖူးသည်။

မိုဘိုင်းဖုန်း ကွန်ရက်ဆိုင်ရာ ဝန်ဆောင်မှုများပေးမည့် အော်ပရေတာလေးခု ထားရှိမည်ဖြစ်ရာ လက်ရှိတွင် သုံးခု က စတင်လည်ပတ်နေပြီဖြစ်ကြောင်း သိရသည်။