Facebook ကို လစဉ်သုံးစွဲသူ ၁.၅ ဘီလီယံကျော်ရှိလာ

12189540_10153273273167825_6965455294137628481_n.jpg

Facebookကို လစဉ်သုံးစွဲသူသည် ကုမ္ပဏီ၏သမိုင်းတွင် ပထမဦးဆုံးအနေဖြင့် ၁.၅ ဘီလီယံကျော် ရှိလာခဲ့ကြောင်းနှင့် အမြတ်ငွေမှာ ဝေါစထရိမှ မျှော်မှန်းထားသည်ထက် ကျော်လွန်ခဲ့ပြီး ၁၁ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း ကမ္ဘာ့အကြီးဆုံး လူမှုကွန်ရက်မှ ပြောကြားသည်။

ယခုအခါတွင် အဆိုပါ လူမှုကွန်ရက်ကို သုံးစွဲသူဦးရေသည် ကမ္ဘာ့အင်တာနက်သုံးစွဲသူဦးရေ၏ ထက်ဝက်ခန့်ရှိလာခဲ့ပြီး စက်တင်ဘာ သုံးလပတ် ဝင်ငွေမှာလည်း ၄၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။

ထို့အပြင် Facebook ကို နေ့စဉ် log in ဝင်ရောက်မှုသည် ပထမဦးဆုံးအနေဖြင့် ၁ ဘီလီယံကျော်ရှိခဲ့ကြောင်းနှင့် လစဉ်သုံးစွဲသူဦးရေမှာ လွန်ခဲ့သည့်နှစ်ထက် ၁၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ ၁.၅၅ ဘီလီယံရှိခဲ့ကြောင်း ဆိုသည်။

“ကျွန်တော်တို့က သိပ်ကောင်းတဲ့ သုံးလပတ်ကို ပိုင်ဆိုင်ခဲ့ပြီး အရာများစွာကို လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ လူမှုအသိုက်အဝန်းကို ကာလကြာရှည် ဝန်ဆောင်မှုပေးနိုင်ဖို့နဲ့ ကမ္ဘာတစ်ဝန်း ချိတ်ဆက်နိုင်ဖို့အတွက် တီထွင်ဆန်းသစ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ဖို့ ကျွန်တော်တို့ အာရုံစိုက်ခဲ့ပါတယ်” Facebook အမှုဆောင်ချုပ် မာ့ခ်ဇူကာဘတ်ခ်က ပြောကြားခဲ့သည်။

Ref: Telegraph