Windows 7 နှင့် 8.1 ရောင်းချမှုကို လာမည့်နှစ် နိုဝင်ဘာတွင် ရပ်ဆိုင်းမည်

10550908_10153271832177825_4072701299102049806_n.jpg

Windows 7 သို့မဟုတ် 8.1 ပါဝင်သော ကွန်ပျူတာတစ်လုံးကို ဝယ်ယူလိုသူများအနေဖြင့် လာမည့်နှစ် နိုဝင်ဘာလ မတိုင်မီအထိသာ ဝယ်ယူခွင့်ရရှိတော့မည် ဖြစ်သည်။

Microsoft ၏ Windows သက်တမ်းအခြေပြဇယားတွင် ဖော်ပြချက်အရ Windows 7 Professional နှင့် Windows 8.1 အတွက် Windows တစ်ပါတည်းပါဝင်သော ကွန်ပျူတာများ ရောင်းချမည့် နောက်ဆုံးရက်ကို ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၃၁ ရက်အထိ သတ်မှတ်ထားကြောင်း သိရသည်။ အဆိုပါရက်နောက်ပိုင်းတွင် သုံးစွဲသူများသည် Windows 10 ထည့်သွင်းထားသော ကွန်ပျူတာသစ်များကိုသာ ဝယ်ယူနိုင်မည် ဖြစ်သည်။ တစ်ခုတည်းသော ခြွင်းချက်အဖြစ် လိုင်စင်သဘောတူညီမှုရရှိထားသော လုပ်ငန်းများအနေဖြင့် ၎င်းတို့ဆန္ဒရှိသော Windows များကို ရွေးချယ်ခွင့်ရရှိမည် ဖြစ်သည်။

ထိုကဲ့သို့ နောက်ဆုံးရက် သတ်မှတ်လိုက်ခြင်းသည် Windows 7 ကို အဆင်ပြေစွာ သုံးစွဲနေသည့် သုံးစွဲသူများနှင့် ကွန်ပျူတာသစ်တစ်လုံးကို ဝယ်ယူပြီးနောက် operating system ကို အဆင့်မြှင့်တင်လိုခြင်း မရှိသူများအတွက် ဖိအားတစ်ရပ်ဖြစ်လာခဲ့သည်။ Microsoft ကမူ Windows 10 အသုံးပြုထားသော ထုတ်ကုန် တစ်ဘီလီယံအထိ ရှိလာရန် ရည်မှန်းထားသည်။

Microsoft သည် Windows ဗားရှင်းတစ်ခုစီ၏ ရောင်းချမည့် သက်တမ်းကို ဗားရှင်းသစ်ထွက်ပြီး နှစ်နှစ်အကြာအထိ သတ်မှတ်ထားသည်။ ထို့အတွက်ကြောင့် Windows 7 ရောင်းချမှု သက်တမ်း နောက်ဆုံးရက်က Windows 8 ဖြန့်ချိပြီး နှစ်နှစ်အကြာ ၂၀၁၄ ခုနှစ် အောက်တိုဘာလ ဖြစ်သော်လည်း သုံးစွဲသူများ၏ Windows 8 ဝယ်လိုအား လျော့နည်းမှုကြောင့် Microsoft က Windows 7 ရောင်းချမည့် သက်တမ်းကို တိုးမြှင့်ခဲ့ခြင်း ဖြစ်သည်။

Windows 7 ကို ဆက်လက်သုံးစွဲလိုသူများကမူ စိုးရိမ်ရန် မလိုပေ။ Windows 7 အတွက် နည်းပညာအထောက်အပံ့ကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်အထိ ရရှိမည် ဖြစ်သောကြောင့် security patch များ၊ အားနည်းချက်ပြင်ဆင်မှုများနှင့် အခြား update များကို သတ်မှတ်ရက်အထိ ဆက်လက်ရရှိနေမည် ဖြစ်သည်။ Windows 8 အတွက် နည်းပညာအထောက်အပံ့ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်အထိ ပေးအပ်သွားမည် ဖြစ်သည်။

Ref: CNET