Cyber Monday

Cyber Monday ဆိုသည်မှာ အွန်လိုင်း ဈေးရောင်းချမှုကို မြှင့်တင်ရန် ဖန်တီးထားသည့် marketing event တစ်ခု ဖြစ်သည်။ Black Friday အပြီး ကျရောက်သည့် တနင်္လာနေ့ကို Cyber Monday ဟု ခေါ်ဆိုသည်။ Black Friday ဆိုသည်မှာ အမေရိကန်၏ ကျေးဇူးတော်နေ့အပြီး ကျရောက်သည့် သောကြာနေ့ကို ခေါ်ဆိုသည်။

၂၀၁၃ ခုနှစ် Cyber Monday တွင် ရောင်းချခဲ့ရသည့် ပမာဏသည် အမေရိကန်ဒေါ်လာ ၂.၂၉ ဘီလီယံရှိခဲ့ပြီး ၎င်းပမာဏသည် ၂၀၁၂ ခုနှစ်ထက် ၁၅.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ စုစုပေါင်း ရောင်းချမှုနှုန်းတွင် tablet ကွန်ပျူတာက ၁၂.၇ ရာခိုင်နှုန်းနှင့် စမတ်ဖုန်းက ၅.၆ ရာခိုင်နှုန်းရှိခဲ့ပြီး မိုဘိုင်းထုတ်ကုန်မှ အရောင်းအဝယ်ပြုလုပ်မှုနှုန်းက ၅၅ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။

ကျေးဇူးတော်နေ့မှ Cyber Monday အထိ လူမှုရေးမီဒီယာများပေါ်မှ အွန်လိုင်းရောင်းချရမှုနှုန်းသည် အမေရိကန်ဒေါ်လာ ၁၄၈ သန်းရှိခဲ့သည်။ ထို့အပြင် အဆိုပါ ရက်အတွင်း ဆိုက်များထံ လည်ပတ်အသုံးပြုသူဦးရေသည်လည်း ၂၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

Cyber Monday ဟူသည့် အမည်ကို ၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်တွင် Shop.org မှ ပထမဦးဆုံး စတင်အသုံးပြုခဲ့သည်။ အဆိုပါ အမည်ကို ယခုအခါ ကနေဒါ၊ ယူကေ၊ ပေါ်တူဂီ၊ ဂျာမနီ၊ ချီလီတို့ အပါအဝင် နိုင်ငံ အများအပြားရှိ ဈေးကွက်ရှာဖွေရေး လုပ်ဆောင်မှုများတွင် အသုံးပြုလျက်ရှိသည်။