အသက်ကိုပါ ရန်ရှာလာသော ဆယ်လ်ဖီ

Untitled-1.jpg

၂၀၁၄ ခုနှစ်သည် ဆယ်လ်ဖီ ခေတ်ဟုဆိုလျှင်၊ ၂၀၁၅ သည် အစွန်းရောက် ဆယ်လ်ဖီခေတ်ဟု ဆိုရမည်။ ယနေ့ လူသားများသည် ဆယ်လ်ဖီကောင်းကောင်းရဖို့ အသက်ကိုရင်းဖို့ပင် ဝန်မလေးတော့။

ရုရှားမှာ ယခုနှစ်အတွင်း ဆယ်လ်ဖီရိုက်ရင်း သေရသူတွေ မနည်းတော့ပြီ။ ရုရှားယူရယ် တောင်တန်းဒေသမှာ လက်ပစ်ဗုံး စနက်တံ ဆွဲဖြုတ်သည့်စတိုင် ဆယ်လ်ဖီရိုက်သူနှစ်ဦး စနက်တံတကယ်ပြုတ်ပြီး ဗုံးကွဲသေဆုံးသွားသည်။ ဇွန်လကလည်း မော်စကိုမြို့ တံတားပေါ်ကနေ တွဲလောင်းခိုပြီး ဆယ်လ်ဖီရိုက်သော တက္ကသိုလ်ကျောင်းသား တစ်ဦးပြုတ်ကျ သေဆုံးသည်။ ပြီးခဲ့သည့် လပိုင်းကလည်း ၁၇ နှစ်သား လူငယ်တစ်ဦး Instagram မှာ ပုံတင်ဖို့ အထပ်မြင့် တိုက်ခေါင် မိုးပေါ်တက်ပြီး အပေါ်စီးမြင်ကွင်း နောက်ခံဖြင့် ဆယ်လ်ဖီရိုက်စဉ် ပြုတ်ကျသေဆုံးသည်။ ထိုလူငယ်သည် ဗိုလော့ဒါမြို့တွင် နေထိုင်သူဖြစ်ပြီး ယခင်ကလည်း အထပ်မြင့် တိုက်ခေါင်မိုးတွေ ပေါ်တက်ကာ ဆယ်လ်ဖီရိုက်ပြီး ဆိုရှယ်မီဒီယာပေါ် တင်လေ့ရှိသူ ဖြစ်သည်။

ရုရှားမှာသာ ဆယ်လ်ဖီအစွန်း ရောက်ကြသည်မဟုတ်။ အမေရိကန်မှာလည်း သူများထက် တစ်မူထူးအောင် ကိုယ့်လည်ပင်းကိုယ် သေနတ်နဲ့တေ့ပြီး ဆယ်လ်ဖီရိုက်စဉ် ကျည်ထွက်ပြီး သေဆုံးသူရှိသည်။ ယခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း ဆယ်လ်ဖီရိုက်ရင်း သေဆုံးသူ ၁၂ ဦးရှိသွားပြီ။ ငါးမန်းကိုက်လို့ သေသူတောင် ၈ ဦးသာရှိသည်။

ဆယ်လ်ဖီ အစွန်းရောက်သူများ ဆယ်လ်ဖီရိုက်ရင်း သေဆုံးနှုန်းများ မြင့်တက်လာသဖြင့် အစိုးရများလည်း ခေါင်းကိုက်နေသည်။ အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ်မှာ သြဂုတ်လက ဝါတာတန်ကင်ညွန် အမျိုးသားသဘာဝ ဥယျာဉ်အတွင်း လာရောက် လေ့လာသူတွေ တောရိုင်းတိရစ္ဆာန်တွေနား အရမ်းကပ်ပြီး ဆယ်လ်ဖီ ရိုက်ကြသဖြင့် အသက်အန္တရာယ်ဖြစ်မှာ စိုးရိမ်သော အာဏာပိုင်များက သဘာဝဥယျာဉ်ကို ဝင်ခွင့် ပိတ်ထားလိုက်ရသည်။

“လူတွေဟာ ဆယ်လ်ဖီရိုက်ဖို့သာ စိတ်ဆောနေကြတယ်။ သဘာဝအတိုင်း လွတ်လွတ်လပ်လပ် သွားလာနေတဲ့ ဝက်ဝံကြီးတွေ နားကိုဆယ်လ်ဖီ တုတ်တံတွေ တကားကားနဲ့ ဆယ်ပေလောက် အကွာထိကပ်ပြီး ဝက်ဝံပုံနောက်ခံနဲ့ ဆယ်လ်ဖီရိုက်ဖို့ လုပ်ကြတယ်။ အသက်ပါ သေသွားနိုင်တယ်ဆိုတာ သူတို့မေ့နေကြတယ်”ဟု အမျိုးသား သဘာဝဥယျာဉ် မန်နေဂျာ ဘရန်ဒန်ရန်ဆမ်က ပြောသည်။

ရဲလိုးစတုန်း အမျိုးသား သဘာဝဥယျာဉ်တွင်လည်း ပြောင်ကိုနောက်ခံထားပြီး ဆယ်လ်ဖီရိုက်ဖို့ ကြိုးစားသူ ငါးဦးထိကို ပြောင်ကချိုနဲ့  ကလော်ထိုးမှု ဖြစ်ပွားခဲ့သဖြင့် တောရိုင်းတိရစ္ဆာန်များ နားအတင်းကပ်ကာ ဆယ်လ်ဖီရိုက်တာမျိုး မလုပ်ကြဖို့ တားမြစ်နေရသည်။

ဩစတြေးလျမှာလည်း မင်္ဂလာဆောင် ကိတ်မုန့်ပုံနှင့် ဆင်တူသော ကျောက်တောင်ကြီးပေါ် အတင်းတက်ကာ မင်္ဂလာအကြို ဓာတ်ပုံရိုက်သူတွေ များလွန်းသောကြောင့် ကျောက်လွှာချပ်ကြီးများ ပြိုကျကာလူတွေပါ ပိသေကုန်မှာ စိုးရိမ်ရသဖြင့် လူမတက်အောင် ခြံစည်းရိုးကာ ထားလိုက်ရသည်။

ရုရှား ပြည်ထဲရေး ဝန်ကြီးဌာနသည်လည်း “ဆယ်လ်ဖီကြောင့် အသက်ထွက်သွားနိုင်သည်”ဟု သတိပေးချက် ထုတ်ပြန်နေရသည်။ ဆယ်လ်ဖီရိုက်ရင်း ဒုက္ခများရသော နေရာများ အနီးတွင်လည်း သတိပေးဆိုင်းဘုတ်များ ထောင်ထားရသည်။

“လက်နက် တစ်ခုခုကိုင်ပြီး ဆယ်လ်ဖီမရိုက်ပါနှင့်။ သေတတ်သည်”ဟုလည်း သတိပေးနေရသည်။ ဆယ်လ်ဖီရိုက်ရင်း အသက်အန္တရာယ် ဖြစ်နိုင်သော နေရာများ စာရင်းကိုလည်း ရုရှားပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

၁၅ မိနစ် ကျော်ကြားမှုအတွက်

ဆယ်လ်ဖီရိုက်ဖို့ အသက်ပါရင်းပြီး ဘာကြောင့်လုပ်နေကြသနည်း။ ရှင်းရှင်းလေးပင်။ ကျော်ကြားမှု လိုချင်သောကြောင့်ဖြစ်၏။ ဘရာဇီးရီယိုဒီဂျနီယိုမြို့က ခရစ်ရုပ်တုကြီး ဦးခေါင်းပေါ်တက်ကာ ဆယ်လ်ဖီရိုက်ခဲ့သူ လီသွမ်မဆင်၏ ဆယ်လ်ဖီပုံသည် ၂၀၁၄ ဇွန်လတုန်းက ကမ္ဘာ့တစ်ဝန်း အင်တာနက်ပေါ် ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့သည်။ ထိုနေရာတွင် ထိုသို့ဆယ်လ်ဖီ ရိုက်တာသူ ပထမဆုံးဖြစ်သောကြောင့် ကမ္ဘာနဲ့ချီ ကျော်ကြားခဲ့သည်။

“ကျွန်တော့် ဆယ်လ်ဖီပုံ ကမ္ဘာကျော် သွားတာတွေ့တော့ တစ်ခြားလူတွေလည်း အဲ့လိုကမ္ဘာကျော်ချင်စိတ် ဖြစ်လာတယ်။ ဒါနဲ့ စွန့်စွန့်စားစား ရိုက်ရတဲ့ ဆယ်လ်ဖီမျိုးတွေ တမင်ရိုက်ပြီး ဆိုရှယ်မီဒီယာပေါ် တင်ကြတော့တာပဲ။ ၁၅ မိနစ်စာ ကျော်ကြားမှုပဲဆိုတာ သူတို့မေ့နေကြတယ်။ လူတွေဟာ ကျွန်တော့် ဆယ်လ်ဖီပုံကို ကြည့်ပြီးရင် ၁၅ မိနစ်လောက်ဆို မေ့သွားကြတယ်ဆိုတာ အမှန်အတိုင်း သိမြင်တဲ့သူ တော်တော်နည်းတယ်”ဟုလီသွမ်မဆင်က ပြောသည်။

မစ္စတာ သွမ်မဆင်သည် ဓာတ်ပုံဆရာ တစ်ဦးဖြစ်သည်။ ထိုဆယ်လ်ဖီကို ရိုက်ခဲ့ခြင်းမှာ ဆယ်လ်ဖီရိုက်ရန် ရည်ရွယ်ချက်ဖြင့်မဟုတ်၊ သူ့ခရီးသွားကုမ္ပဏီ Flash Pack အတွက် အရောင်းမြှင့်တင်ရေး လုပ်ရာတွင် အသုံးပြုရန် ဆယ်လ်ဖီပုံ ရိုက်ယူခြင်းသာဖြစ်ကြောင်း မစ္စတာသွမ်မဆင်က ပြောသည်။

“ကျွန်တော်က ဆယ်လ်ဖီရိုက်ပြီး ဖေ့စ်ဘွတ်ခ်တင်လေ့ ရှိသူမဟုတ်ပါဘူး။ လူတော်တော်များများ ဆယ်လ်ဖီကြိုက်တာ သတိထားမိတဲ့အတွက် ကျွန်တော့် ကုမ္ပဏီအတွက် ကြော်ငြာသဘော ရိုက်ခြင်းသာ ဖြစ်ပါတယ်” ဟု မစ္စတာသွမ်မဆင်က ဆိုသည်။

ခရစ်ရုပ်တုကြီး၏ ခေါင်းပေါ်တက်ကာ ဆယ်လ်ဖီရိုက်ခဲ့သည့် သူ့ပုံကမ္ဘာကျော်သွားပြီး နောက်ပိုင်း အန္တရာယ်ရှိသော အမြင့်နေရာများ ပေါ်တက်ကာ ဆယ်လ်ဖီရိုက်သည့် ဓလေ့မြန်မြန်ဆန်ဆန် ကြီးထွားလာခဲ့သည်။ ယခုဆိုလျှင် ထိန်းမရလောက်အောင်ကို ဖြစ်လာနေပြီ။

“သူများထက် ထူးအောင် ဆယ်လ်ဖီရိုက်တာ အားပေးပါတယ်။ ဒါပေမဲ့ အသက်ပါသေ သွားနိုင်တဲ့ စွန့်စားမှုမျိုးတော့ မလုပ်ပါနဲ့” ဟုမစ္စတာသွမ်မဆင်က သတိပေးသည်။

အတ္တကြီးသူများ

အိုဟိုင်းယိုး တက္ကသိုလ်က လုပ်ထားသော စိတ်လေ့လာမှုအရ ဆိုရှယ်မီဒီယာပေါ် ဆယ်လ်ဖီပုံတွေ အလွန်အကျွံ ရိုက်တင်သူများ၏ ကိုယ်စိတ် အပြုအမူများသည် အတ္တစွဲကြီးသူများ၊ ကိုယ့်ကိုယ်ကိုယ်သာ အကောင်းမြင်မှု လွန်ကဲသည့် စိတ္တဇသမားများ၏ လက္ခဏာ အတော်များများနဲ့ ဆင်တူနေကြောင်း တွေ့ရှိထားသည်။

“ဆယ်လ်ဖီသမားတွေအဖို့ သူ့ဆယ်လ်ဖီပုံဟာ ဖေ့စ်ဘွတ်ခ်မှာ Like ဘယ်လောက်ရလဲ ဆိုတာက သိပ်စကားပြောတယ်။ Like နည်းရင် ဆယ်လ်ဖီသမားတွေ မစားနိုင် မသောက်နိုင်ထိ ဖြစ်ရတယ်။ အ ခုခေတ်မှာ လူတော်တော်များများ ကလည်း ဆယ်လ်ဖီရိုက်တင်နေ

ကြတာဆိုတော့ ဆယ်လ်ဖီအစွန်း ရောက်သူတွေဟာ သူများထက်ထူးမှ Like ပိုများများရမယ် ဆိုတဲ့စိတ် ပေါ်လာတယ်။ ဒါကြောင့် 

တိုက်ခေါင်မိုးပေါ် တက်ရိုက်တာမျိုး၊ ကရိန်းပေါ်၊ တံတားတိုင်ပေါ် တက်ရိုက်တာမျိုးတွေထိ ဖြစ်လာတယ်”ဟုစစ်တမ်း အဖွဲ့ခေါင်းဆောင် ဂျက်စီဖောက်စ်က ပြောသည်။

ဆယ်လ်ဖီ ကြိုက်သူများသည် စမတ်ဖုန်း ကုမ္ပဏီများအတွက်လည်း ဈေးကွက်ကြီးဖြစ်သည်။ ယခုနောက်ပိုင်း စမတ်ဖုန်းများသည် ဆဲလ်ဖီသမားများ အကြိုက်တွေ့စေမည့် Megapixel များများ ရှေ့ကင်မရာများ ထည့်သွင်းပေးလာကြသည်။

ငါးမန်းဆယ်လ်ဖီ

ဆယ်လ်ဖီ အစွန်းရောက်လွန်းလျှင် သေတတ်သည်ဟု အစိုးရတွေ၊ မီဒီယာတွေက သတိပေးနေသည့်တိုင် ဆယ်လ်ဖီလှိုင်းလုံး ကားတိုး၍ တိုး၍သာ ပြင်းထန်လာနေသည်။ YouTube မှာ “အန္တရာယ် အကြီးဆုံးဆယ်လ်ဖီများ”ဆိုသည့် ဗီဒီယိုကိုကြည့်ရှုသူသန်း ၂၀ ကျော်သွားပြီ။ ထိုအထဲတွင် နောက်က နွားသိုးလိုက် ဝှေ့နေတုန်း လွတ်အောင်ပြေးရင်း ဆယ်လ်ဖီရိုက်သူပါသည်၊ ခြင်္သေ့ဘေးထိုင်ကာ ဆယ်လ်ဖီရိုက်သူပါသည်၊ အရှိန်နဲ့ လာနေသော ရထားကိုနောက်ခံထားကာ ဆယ်လ်ဖီရိုက်သူ၊ ကားမောင်းနေရင်း ကလေးနဲ့ တူတူ ဆယ်လ်ဖီရိုက်သည့် မိခင်တို့ကိုလည်း တွေ့နိုင်သည်။

ဆယ်လ်ဖီသည် ငါးမန်းကိုက်ခြင်းထက် လူကိုပိုသေစေလျက် ရှိသည်။ သို့ဖြစ်သည့်တိုင် လူသားသည် ငါးမန်းကိုပင် နောက်ခံထားပြီး ဆယ်လ်ဖီရိုက်ကာ နှစ်ထပ်ကွမ်း အသက်စွန့်ရသည့် အလုပ်မျိုးကိုပင် လုပ်နေချေပြီ။

Ref: The dangerous art of the selfieBy Jane Wakefield (BBC)