အလိုအလျောက် မောင်းနှင်နိုင်သည့် ကားတစ်မျိုးကို Nissan မိတ်ဆက

12195866_10153268632747825_4137423316079133982_n.jpg

Nissan သည် လေထုကို မညစ်ညမ်းစေသည့် အလိုအလျောက်မောင်းနှင်နိုင်သော ရှေ့ပြေးပုံစံ IDS ကားကို ပြီးခဲ့သည့် ရက်သတ္တပတ်က တိုကျိုကားပြပွဲတွင် ပွဲထုတ်ပြသခဲ့သည်။

အဆိုပါကားတွင် အလိုအလျောက်မောင်းနှင်နိုင်သော မျိုးဆက်သစ်ကားများအတွက် artificial intelligence (AI) နှင့်အတူ ထိန်းချုပ်မှုပြုလုပ်ခြင်းနှင့် လုံခြုံရှိစေရန် နည်းပညာများ ပါဝင်လာသည်။ Nissan သည် ယခင်က မိတ်ဆက်ခဲ့ဖူးသည့် LEAF ကားမော်ဒယ်ကဲ့သို့ပင် လေထုမညစ်ညမ်းစေရန် လျှပ်စစ်စွမ်းအင်ကို အသုံးပြုထားသည်။ Nissan အနေဖြင့် ၂၀၂၀ ခုနှစ်တွင် ၎င်းနည်းပညာသစ်ပါဝင်သည့် ကားများစွာ ထုတ်လုပ်ရန် မျှော်မှန်းထားသည်။

Nissan ၏ နည်းပညာသစ်သည် အနာဂတ်ကာလရှိ ယာဉ်များအပြင် ကားနှင့် ယာဉ်မောင်းများကြားရှိ ဆက်သွယ်မှုကို တော်လှန်ပြောင်းလဲနိုင်လိမ့်မည်ဖြစ်ကြောင်း ကုမ္ပဏီ၏အမှုဆောင်အရာရှိချုပ် ကားလို့စ်ဂိုက ပြောကြားခဲ့သည်။ “Nissan IDS ရှေ့ပြေးပုံစံကား နောက်ကွက်ရဲ့ အဓိကအချက်က အပြန်အလှန် ဆက်သွယ်မှုပါပဲ။ အလိုအလျောက်မောင်းနှင်နိုင်တဲ့ ကားတွေ လက်တွေ့ဘဝကို ဝင်ရောက်လာတဲ့အတွက် လူမှုအဖွဲ့အစည်းတစ်ခုအနေနဲ့ ကားနဲ့ ယာဉ်မောင်းကြားက ဆက်သွယ်မှုသာမကဘဲ ကားနဲ့လူတွေ ဆက်သွယ်မှုကိုလည်း ထည့်သွင်းစဉ်းစားရပါမယ်” ဟု Nissan ဒီဇိုင်းဒါရိုက်တာ မစ်ဆူနိုရီမိုရီတာက ဆိုသည်။

အဆိုပါ လျှပ်စစ်ကားတွင် ၆၀ ကီလိုဝပ်ရှိသော ဘက်ထရီပါဝင်ပြီး အားတစ်ခါသွင်းရုံဖြင့် ခရီးဝေးများ သွားလာနိုင်ရန်အတွက် ပိုမိုကောင်းမွန်သည့် လေခွင်းအား (aerodynamics) ဖြစ်ပေါ်စေရန် ကိုယ်ထည်ကို အနိမ့်ပုံစံ ဖန်တီးထားသည်။ ထို့အပြင် သုံးစွဲသူ၏ စမတ်ဖုန်းကို ကားနှင့် sync ပြုလုပ်၍ အလိုအလျောက် ကားပါကင်ထိုးနိုင်မည့် Piloted Park နှင့် ကြိုးမဲ့အားသွင်းနည်းပညာများဖြင့် အသုံးပြုနိုင်သည်။ Nissan IDS ကားကို Manual Drive သို့မဟုတ် Piloted Drive (PD) စနစ်ဖြင့် မောင်းနှင်နိုင်မည် ဖြစ်သည်။

Ref: TheNation