မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ Chief Operating Officer ဖြစ်သူ Mr. Yoshiki Benino နှင့် တွေ့ဆုံခြင်း

12193676_1182494185099441_7561214133487461615_n.jpg

3G ကွန်ရက်ကို မြန်မာနိုင်ငံမှာ အကျယ်ပြန့်ဆုံး တည်ဆောက်ထားနိုင်တယ်လို့ Telenor က မကြာသေးခင်က ထုတ်ပြန်လိုက်ပါတယ်။ ဆက်သွယ်ရေးကွန်ရက်ကို အကျယ်ပြန့်ဆုံး ပိုင်ဆိုင်ထားတဲ့ MPT အနေနဲ့ကလည်း တာဝါတိုင်တွေကို 3G အဆင့်မြှင့်တင်နေခဲ့တာ အချိန်ကြာကာလ ကြာမြင့်ခဲ့ပါပြီ။ လက်ရှိ အခြေအနေအရ မိုဘိုင်းဖုန်းသုံးစွဲသူတွေဟာ အင်တာနက်စနစ် ကောင်းမွန်မှုကို အလေးထား ရွေးချယ်လာတာလည်း မြင်တွေ့ရ ပါတယ်။ ကောင်းမွန်တဲ့ အင်တာနက်စနစ်ကို အသုံးပြုနိုင်ဖို့ 3G ကွန်ရက်ဟာ လွန်စွာအရေးပါပါတယ်။ အင်တာနက်ဂျာနယ်အနေနဲ့ MPT ရဲ့ 3G ကွန်ရက်၊ Mobile Money ၀န်ဆောင်မှု၊ Data သီးသန့်အသုံးပြုနိုင်တဲ့ ဆင်းမ်ကတ် ၊ CDMA မိုဘိုင်းကွန်ရက် စတဲ့အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး စာဖတ်သူများသိရှိစေဖို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရဲ့ Chief Operating Officer ဖြစ်သူ Mr. Yoshiki Benino နဲ့ မေးမြန်းခဲ့ပါတယ်။

၁။ MPT အနေနဲ့ တာဝါတိုင် စုစုပေါင်း ဘယ်လောက်ပိုင်ဆိုင်ထားပါလဲ။

လက်ရှိ တာဝါတိုင်ပေါင်း ၃,၀၀၀ ကျော် ပိုင်ဆိုင်ထားပါတယ်။

၂။ တာဝါတိုင် စုစုပေါင်းရဲ့ အရေအတွက် ဘယ်လောက်ဟာ 3G ကွန်ရက်ကို အပြည့်အဝ ထောက်ပံ့ပေးထားပါလဲ။

လက်ရှိမှာ MPT တာဝါတိုင်များတွေရဲ့ ၉၅ ရာခိုင်နှုန်း ကျော်ဟာ 3G ကွန်ရက် အရည်အသွေးကို ထောက်ပံ့ပေးနိုင်ခဲ့ပါပြီ။ သုံးစွဲသူတွေကို ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှု ပေးစွမ်းနိုင်ဖို့အတွက် ကွန်ရက်ကို အဆင့်မြှင့်တင်ပြီး ခေတ်မီအောင် ဆောင်ရွက်နေတာဖြစ်ပါတယ်။

၃။ တစ်နိုင်ငံလုံးမှာရှိတဲ့ တာဝါတိုင် စုစုပေါင်းဟာ နိုင်ငံရဲ့ ဧရိယာဘယ်လောက်ကို လွှမ်းခြုံထားပါလဲ။

မြန်မာနိုင်ငံအတွင်း အကြီးမားဆုံးသော ကွန်ရက်ကို ပိုင်ဆိုင်ထားပါတယ်။ လက်ရှိမှာလည်း တာဝါအရေအတွက်ကို ၂ ဆတိုးစေခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ အစွန်အဖျားတိုင်းမှာ တာဝါတိုင်များကို တိုးချဲ့ တည်ဆောက်နေတာပါ။ မြန်မာနိုင်ငံရဲ့ ၉၀ ရာခိုင်နှုန်းကျော်တဲ့ ပြည်သူတွေကို MPT အနေနဲ့ ကွန်ရက်လွှမ်းခြုံ ထားနိုင်ပါတယ်။ လာမယ့် ၂၀၁၆ ခုနှစ် မတ်လကုန်မှာတော့ နိုင်ငံ့ဧရိယာ ၇၀ ရာခိုင်နှုန်းအထိ တိုးချဲ့ပြီး လွှမ်းခြုံနိုင်ဖို့ ရည်မှန်းထားတာပါ။

၎။ 3G အပြည့်အဝ ထောက်ပံ့ပေးထားတဲ့ တာဝါတိုင် စုစုပေါင်းက နိုင်ငံ့ဧရိယာဘယ်လောက်ကို လွှမ်းခြုံထားပါလဲ။

တာဝါတိုင်တွေကို ၁၀၀ ရာခိုင်နှုန်း 3G အဆင့် မြှင့်တင်ဖို့အတွက် ဒီနှစ်ထဲမှာ အပြီးသတ် လုပ်ဆောင်သွားမှာပါ။ လက်ရှိမှာတော့ ကွန်ရက်ရဲ့ ၉၅ ရာခိုင်နှုန်းဟာ 3G အရည်အသွေး ရရှိနေပါပြီ။

၅။ Mobile Money ဝန်ဆောင်ပေးဖို့ Telenor က ရိုးမဘဏ်နဲ့ ပူးပေါင်းထားတယ်။ Ooredoo က CB ဘဏ်နဲ့ ပေါင်းထားတယ်။ MPT က ဘယ်ဘဏ်နဲ့ ပူးပေါင်းထားပါလဲ။

MPT အနေနဲ့ အဲဒီလိုမျိုး ဘဏ်တွေနဲ့ ပူးပေါင်းသွားဖို့ အစီအစဉ်ရှိပါတယ်။ ဂျပန်မိတ်ဖက်တွေမှာ ဒီကိစ္စအတွက် ပြည့်စုံတဲ့ အတွေ့အကြုံတွေ ရှိပါတယ်။ MPT အနေနဲ့ ဆွေးနွေးဆဲအဆင့်မှာ ရှိနေပြီး ပူးပေါင်းမယ့်အစီအစဉ်ကို မကြာခင် ထုတ်ပြန်သွားမှာပါ။

၆။ အခြားအော်ပရေတာတွေက ၂၀၁၆ နှစ်လယ်ပိုင်းမှာ Mobile Money ဝန်ဆောင်မှုပေးမယ်လို့ ပြောထားကြတယ်။ MPT က ဘယ်တော့လောက် ဝန်ဆောာင်မှု စပေးနိုင်မလဲ။

MPT အနေနဲ့ လာမယ့် ၂၀၁၆ ခုနှစ်ထဲမှာ ဝန်ဆောင်မှုကို ပေးသွားမှာပါ။ ရက်အတိအကျကိုတော့ အသေးစိတ် ပြန်လည်ထုတ်ပြန် ပေးသွားပါမယ်။

၇။ Data Only အသုံးပြုနိုင်တဲ့ SIM ကတ်တွေ MPT ရောင်းချဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ စီးပွားရေးလုပ်ငန်းတွေအတွက် သီးသန့်ရောင်းမယ်လို့လည်း သိရပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ပြောပြနိုင်တာ ဘာရှိပါလဲ။

ဟုတ်ပါတယ်။ ကော်ပိုရေးရှင်း လုပ်ငန်းကြီးတွေအတွက် Data သီးသန့်သုံးနိုင်တဲ့ SIM ကတ်တွေကို ရောင်းချပေးနေပါတယ်။ MPT အနေနဲ့ Data သီးသန့်သုံးနိုင်တဲ့ SIM ကတ်တွေကို သုံးစွဲသူ ဖောက်သည်တွေအတွက် ဘယ်အချိန်မှာစပြီး ရောင်းချနိုင်မယ်ဆိုတာကိုတော့ လေ့လာမှုတွေ လုပ်ဆောင်နေပါတယ်။ ဒီလို Data သီးသန့် အသုံးပြုနိုင်တဲ့ SIM ကတ်တွေအနေနဲ့ ဖုန်းခေါ်ဆိုမှုကိုတော့ လုပ်ဆောင်နိုင်မှာမဟုတ်ပါဘူး။ အင်တာနက်ဈေးနှုန်းကတော့ သာမန် SIM ကတ်တွေအတိုင်းပဲ ဖြစ်ပါတယ်။

၈။ CDMA ဖုန်းတွေအတွက် MPT က ဝန်ဆောင်မှုတွေ မြှင့်တင်နေတာ မတွေ့ရဘူး။ CDMA ဖုန်းလိုင်းတွေကို ဘယ်လို စီမံဆောင်ရွက်သွားမယ်လို့ စဉ်းစားထားပါလဲ။

MPT အနေနဲ့ CDMA အသုံးပြုသူများအတွက် တစ်မိနစ် ၂၃ ကျပ်အစီအစဉ်ကို မိတ်ဆက်ခဲ့ပြီး ဖြစ်ပါတယ်။ နောက်ထပ် ရောင်းအားမြှင့်တင်ရေး အစီအစဉ်အတွက် မပြောနိုင်သေးပေမယ့် MPT ရဲ့ တန်ဖိုးထားရတဲ့ ဖောက်သည်အားလုံးကို စိတ်ကျေနပ်မှုရရှိစေဖို့အတွက် အကောင်းဆုံး လုပ်ဆောင်ပေးသွားမှာပါ။ CDMA သုံးစွဲသူ ဖောက်သည်များအတွက် ဝန်ဆောင်မှု အကောင်းဆုံး ပေးနိုင်ဖို့ လုပ်ဆောင်နေပါတယ်။ ဒါပေမဲ့လည်း CDMA စနစ်ဟာ အလုံးစုံကွဲပြားခြားနားမှုတွေ ရှိနေတာကြောင့် အချို့သော အခြေအနေတွေမှာ နည်းပညာပိုင်းအရ အခက်အခဲများ ရှိနေပါတယ်။