CommuniCast 2015 & Myanmar ICT Exhibitions နိုင်ငံပေါင်း ၂၂ နိုင်ငံ ပါဝင်ပြသမည်

12191915_873348409446113_1518717317194679734_n.jpg

CommuniCast 2015 & Myanmar ICT Exhibitions အခမ်းအနားတွင် နိုင်ငံပေါင်း ၂၂ နိုင်ငံ ပါဝင်ပြသမည်ဖြစ်ကြောင်း သတင်းရရှိသည်။

စင်ကာပူနိုင်ငံမှ ပြခန်းနှစ်ခန်း၊ အိန္ဒိယ၊ ကနေဒါနှင့် ထိုင်းနိုင်ငံတို့မှ အဖွဲ့များအပါအဝင် နိုင်ငံပေါင်း ၂၂ နိုင်ငံမှ ကုမ္ပဏီပေါင်း ၁၂၀ ကျော် ပါဝင်မည်ဖြစ်ကြောင်း၊ ကျွမ်းကျင်သူ ၃,၀၀၀ ကျော် လာရောက်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

CommuniCast 2015 နှင့် Myanmar International ICT Exhibition ကို နိုဝင်ဘာလ ၁၇ ရက်မှ ၁၉ ရက်အထိ Myanmar Event Park တွင် ကျင်းပမည်ဖြစ်ကြောင်း၊ အိုင်စီတီနယ်ပယ်အတွင်းမှ စီးပွားရေးလုပ်ငန်းများကို တစ်နေရာတည်းတွင် ပြသမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနနှင့် ပြန်ကြားရေး ဝန်ကြီးဌာနတို့၏ ပံ့ပိုးကူညီမှုဖြင့် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ဒုတိယအကြိမ်မြောက် Myanmar Satellite Forum ကို နိုဝင်ဘာလ ၁၈ ရက်၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ဂြိုဟ်တုနည်းပညာနှင့် ပတ်သက်သည့် သိသင့်သိထိုက်သော အချက်များကို အသိပညာ ဝေမျှသွားမည်ဖြစ်ကြောင်း ဆိုသည်။

ICT ကဏ္ဍမှ ဆက်သွယ်ရေး တစ်ခုတည်း မဟုတ်ဘဲ ကဏ္ဍတော်တော်များများမှာ ဂြိုဟ်တုနည်းပညာဖြင့် ချိတ်ဆက်အသုံးပြုနေကြပြီ ဖြစ်ကြာင်း၊ ဂြိုဟ်တုတစ်ခုကို ဝယ်ယူရုံနှင့် မပြီးသေးဘဲ နည်းပညာပါ လိုအပ်ကြောင်း၊ လူ့စွမ်းအား အရင်းအမြစ်များလည်း လိုအပ်ကြောင်း၊ တစ်ချိန်တွင် မိမိကိုယ်တိုင် ထိန်းသိမ်း ကိုင်တွယ် ဆောင်ရွက်နိုင်သည့် အဆင့်အထိ ရောက်ရှိစေရေးကို မျှော်မှန်းကြိုးပမ်း ဆောင်ရွက်ကြစေလို ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့ဖူးသည်။

CommuniCast ၏ ပထမဆုံး အခမ်းအနားကို ၂၀၁၄ ခုနှစ်က ကျင်းပခဲ့သည်။ နိုင်ငံပေါင်း ၂၂ နိုင်ငံမှ ကုမ္ပဏီပေါင်း ၉၀ ကျော်နှင့် အိုင်စီတီ ကျွမ်းကျင်သူပေါင်း ၂,၀၈၆ ဦး တက်ရောက်ခဲ့ကြောင်း၊ Myanmar International ICT Exhibition ကို မြန်မာနိုင်ငံကွန်ပျုတာအသင်းချူပ်မှ အဆက်ဆက် ကျင်းပခဲ့ကြောင်း သိရသည်။

ယခုအခါ အဆိုပါ အခမ်းအနားနှစ်ခုကို တစ်ပေါင်းတည်း ကျင်းပမည်ဖြစ်သည်။ ဂြိုဟ်တု နည်းပညာနှင့် Broadband များမှ မိုဘိုင်းနှင့် Enterprise Solution များအထိ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။