အင်ဒိုနီးရှားတွင် အင်တာနက်သုံးနိုင်သော မိုးပျံပူဖောင်းများ သုံးနိုင်ရန် Google စီစဉ်

12188931_10153262286412825_7035508882980177894_n.jpg

မိုးပျံပူဖောင်းများဖြင့် အင်တာနက် ထောက်ပံ့ပေးမည့် Project Loon အစီအစဉ်ကို အင်ဒိုနီးရှားနိုင်ငံ၌ လာမည့်နှစ်တွင် စတင်မည်ဟု Google မှ ကြေညာလိုက်သည်။

Google သည် အင်ဒိုနီးရှား ဆက်သွယ်ရေးကုမ္ပဏီ ၃ ခုဖြစ်သော Indosat, Telkomsel နှင့် XL Axiata တို့ဖြင့် ပူးပေါင်းမည်ဟု Project Loon ဒုဥက္ကဋ္ဌ မိုက်ကက်စီဒီက ပြောကြားသည်။

“Loon မိုးပျံပူဖောင်းတွေက ကောင်းကင်မှာ လွင့်မျောနေတဲ့ ဆဲလ်ဖုန်းတာဝါတွေလို အလုပ်လုပ်မှာ ဖြစ်ပါတယ်။ စီးပွားဖြစ်ပျံသန်းတဲ့ လေယာဉ်တွေထက် နှစ်ဆပိုမြင့်တဲ့ အရပ်မှာရှိနေမယ့် ဒီမိုးပျံပူဖောင်း တစ်ခုချင်းစီက မြေပြင်ဆီကို ဆက်သွယ်မှုတစ်ခု ထုတ်လွှင့်ပါမယ်။ မိုးပျံပူဖောင်း တစ်လုံးက လက်လှမ်းမမီတဲ့ နေရာကို တစ်ဖြည်းဖြည်း လွင့်သွားမယ်ဆိုရင် အခြားတစ်လုံးနဲ့ သုံးနိုင်ပါမယ်။ ဒီနည်းလမ်းက ပြည်တွင်း အော်ပရေတာတွေ အနေနဲ့ သူတို့ရဲ့ လက်ရှိကွန်ရက်တွေကို ပိုမိုဖြန့်ကျက်ရာမှာ အထောက်အကူ ဖြစ်စေပြီး ကျေးလက်ဒေသနဲ့ ဝေးလံခေါင်ဖျားတွေ နေရာတွေအထိ ရောက်ရှိစေပါလိမ့်မယ်” ဟု ၎င်းက ဆိုသည်။

Google သည် Project Loon အစီအစဉ်ကို ၂၀၁၃ ခုနှစ် ဇွန်လတွင် ပထမဦးဆုံး ကြေညာခဲ့ပြီး နယူးဇီလန်တွင် စမ်းသပ်မှု ပြုလုပ်ခဲ့သည်။

Ref: VentureBeat