Telenor က Capture App ကို မိတ်ဆက်

12190836_1182429241772602_7710519369086174390_n.jpg

ဆက်သွယ်ရေးအော်ပရေတာ တစ်ခုဖြစ်သည့် Telenor သည် မိုဘိုင်းဖုန်း အသုံးပြုသူများအတွက် Cloud နည်းပညာဖြင့် ဓာတ်ပုံနှင့် ဗီဒီယိုများကို သိမ်းဆည်းနိုင်မည့် Capture Application ကို ပြည်တွင်း၌ စတင်မိတ်ဆက်လိုက်သည် ဟု သိရသည်။

မိုဘိုင်းဖုန်းအင်တာနက် (သို့မဟုတ်) Wifi အင်တာနက်စနစ်ကို အသုံးပြု၍ မိုဘိုင်းဖုန်းအတွင်းရှိ ဓာတ်ပုံနှင့် ဗီဒီယိုများကို Cloud ပေါ်၌ သိမ်းဆည်းခြင်း သူငယ်ချင်းများထံသို့ Social Media (သို့မဟုတ်) အီးမေးလ်များမှတစ်ဆင့် ပြန်လည်မျှဝေခြင်း စသည်တို့ကို ပြုလုပ်နိုင်သည့် Capture App ကို မိတ်ဆက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ Capture App ကို Telenor က ၂၀၁၆ ခုနှစ်အကုန်အထိ အခမဲ့ပေးဝေသုံးစွဲမည်ဟု သတင်းထုတ်ပြန်ထားပြီး ၂၀၁၆ ခုနှစ် ကျော်သည့်အခါ အသုံးပြုမှု ပမာဏအလိုက် ကျသင့်ငွေများကို သတ်မှတ်ကောက်ခံသွားမည်ဟု သိရသည်။

လက်ရှိ အခမဲ့ အသုံးပြုခွင့် ပေးအပ်ထားသည့် Capture App ကို Telenor က ပုံစံနှစ်မျိုးဖြင့် ပေးအပ်ထားပြီး Telenor ဆင်းမ်ကတ် အသုံးပြုသူများအတွက် 20GB အချက်အလက် သိမ်းဆည်းခွင့်နှင့် အခြားသော မိုဘိုင်းဆင်းမ်ကတ် အသုံးပြုသူများအတွက် 2GB အချက်အလက် သိမ်းဆည်းခွင့် ရရှိမည်ဟု သိရသည်။

Telenor သည် ၎င်းတို့ App ၌ သိမ်းဆည်းလာမည့် ဓာတ်ပုံနှင့် ဗီဒီယို အချက်အလက်များကို Cloud ပေါ်၌ တစ်နေရာတည်း သိမ်းဆည်းထားခြင်းမဟုတ်ကြောင်း၊ လုံခြုံစိတ်ချရမှုကိုလည်း ၎င်းတို့အနေဖြင့် အပြည့်အဝ အာမခံနိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။

လက်ရှိအချိန်၌ Capture App အတွက် Cloud Data သိမ်းဆည်းမှုကို စင်ကာပူ၌ ဆာဗာထားရှိပြီး ဝန်ဆောင်မှု ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ Capture App ကို မြန်မာနိုင်ငံ၌ ယခုမှသာ စတင်မိတ်ဆက်ခြင်း ဖြစ်သော်လည်း အိမ်နီးချင်းနိုင်ငံများဖြစ်သည့် မလေးရှားနှင့် ထိုင်းနိုင်ငံတို့၌ စတင်အသုံးပြုခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

မိုဘိုင်းဖုန်း အသုံးပြုသူများအနေဖြင့် Capture App ကို ယခုမှ စတင်အသုံးပြုကြမည် ဖြစ်သော်လည်း ယခင်က Capture App ထက် ပိုမို၍ Data သိမ်းဆည်းနိုင်ပြီး အခမဲ့အသုံးပြုခွင့်ကို အချိန်ကာလအနေဖြင့် သတ်မှတ်ထားခြင်းမရှိသည့် App များကို ပြည်တွင်း၌ စတင်အသုံးပြုနေခဲ့ခြင်း ဖြစ်သည်။