Acer Liquid Jade

Acer-Liquid-Jade-finish.jpg

အားသာချက်

ဖုန်းမှာဖွဲ့စည်း တည်ဆောက်ထားတဲ့ Hardware စနစ်ပိုင်းတွေဟာ မြင့်မားကောင်းမွန် ပါတယ်။ ဖုန်းမှာ ပါဝင်တဲ့ စနစ်တွေမှာ ဆိုရင်လည်း Acer Service ဆော့ဖ်ဝဲတွေကို အများအပြား မြင်တွေ့နိုင်ပါတယ်။ အွန်လိုင်းအသုံးပြု Acer ရဲ့ Cloud စနစ် ပါဝင်တဲ့အတွက် ကိုယ့်ရဲ့ဖုန်းထဲမှာ ရှိနေတဲ့ အချက်အလက်တွေကို အွန်လိုင်းပေါ်ကနေ တစ်ဆင့် Acer ရဲ့ Cloud ပေါ်မှာသိမ်းဆည်း နိုင်ပါလိမ့်မယ်။ ဖုန်းကို ကွန်ပျူတာနဲ့ ကြိုးမဲ့စနစ် ချိတ်ဆက်နိုင်ပြီး ဖုန်းရဲ့ လုပ်ဆောင်ချက်တွေကို ကွန်ပျူတာပေါ်မှာ ပြသနိုင်မယ့်အပြင် ဖုန်းထဲမှာရှိနေတဲ့ အချက်အလက် တွေကိုလည်း ကွန်ပျူတာပေါ်ကို ပြောင်းရွှေ့နိုင်သလို ကွန်ပျူတာက အချက်အလက် တွေကိုလည်း ဖုန်းထဲကိုကြိုးမဲ့ စနစ်နဲ့ရွှေ့ပြောင်း ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် ဖုန်းထဲမှာရှိနေတဲ့ အချက်အလက်တွေကို ကိုယ့်ရဲ့ SD Card ပေါ်ကို အလွယ်တကူ ရွှေ့ပြောင်းပြီး Backup ပြုလုပ်နိုင်မယ့် Backup စနစ်လည်း ပါဝင်ပါတယ်။ အသံစနစ်ပိုင်းမှာလည်း ကိုယ့်စိတ်ကြိုက် အသံထွက်နှုန်းတွေနဲ့ အသံပုံစံတွေကို ချိန်ညှိအသုံးပြု နိုင်ပါတယ်။ ကင်မရာကလည်း Mega Pixel မြင့်မားတဲ့ ကင်မရာကို အသုံးပြုထားတာပါ။

အားနည်းချက်

မြန်မာစာ စနစ်တစ်ပါတည်း မပါဝင်တဲ့အတွက် မြန်မာစာ အသုံးပြုလို သူတွေအနေနဲ့ ဖုန်းကို Root လုပ်ပြီး မြန်မာစာ ပြန်လည်ထည့်သွင်း ရပါလိမ့်မယ်။ Micro SD Card အပေါက်နဲ့ Sim Card အပေါက်ဟာ Slot တစ်ခုတည်းမှာ နှစ်ကတ်တူ တူတွဲထားတာပါ။ Dual Sim ဖုန်းအမျိုးအစား ဖြစ်ပေမယ့် Micro SD Card ကို အသုံးမပြုမှပဲ Sim Card နှစ်ကတ် အသုံးပြု နိုင်မှာဖြစ်ပြီး SD Card အသုံးပြုမယ် ဆိုရင်တော့ Sim Card တစ်ခုတည်းပဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Slot တစ်ခုတည်း ဖြစ်တဲ့အတွက် SD Memory Card ကိုထုတ်သွင်း ပြုလုပ်ချင်တဲ့အခါမှာ Sim Card ကိုပါ တစ်ပါတည်း ထုတ်သွင်းပြုလုပ် နေရမှာဖြစ်ပါတယ်။

ဒီဇိုင်း

ပုံစံဒီဇိုင်းမှာတော့ Acer Liquid Jade ဟာ လှပသေသပ်ပြီး ပုံစံကျတယ်လို့ ဆိုနိုင်ပါတယ်။ ဖုန်းရဲ့ပုံစံ ဒီဇိုင်းဟာ လေးထောင့်ကျကျ ပုံစံမျိုးမဟုတ်ပဲ အနားလေးဖက် အဝိုက်ပုံစံမျိုး ရှိနေပြီး လှပတဲ့ဒီဇိုင်းမျိုး ရှိနေတဲ့အပြင် လက်နဲ့ ကိုင်တွယ်အသုံးပြု ချိန်မှာလည်း ပါးလွှာမှုနဲ့ ပေါ့ပါးခြင်းကို ချက်ခြင်းခံစား သိရှိနိုင်မှာ ဖြစ်ပါတယ်။ Screen ရဲ့ ဘေးဘောင်တွေဟာ သေးငယ်ပြီး ပါးတဲ့အတွက် ဖုန်းဟာ မြင်ကွင်းအပြည့် ပုံစံမျိုး ရှိနေပြီး အရွယ်အစားကလည်း လက်နဲ့ကိုင်တွယ် အသုံးပြုဖို့အတွက် အဆင်ပြေသင့်လျော်တဲ့ အရွယ်အစားမျိုးပါပဲ။ ဖုန်းရဲ့ဘေးတိုက် အကျယ်အဝန်းဟာ ၆.၉ စင်တီမီတာရှိပြီး အထက်အောက်အမြင့် ကတော့ ၁၄.၀၅ စင်တီမီတာ ရှိပါတယ်။ ထုထည်ကတော့ ၀.၇၅ စင်တီမီတာ ဖြစ်တဲ့အတွက် ပါးလွှာတဲ့ ကိုယ်ထည်လို့ ဆိုနိုင်ပါတယ်။ ဖုန်းကိုယ်ထည်ရဲ့ ဘေးဘောင်ဟာ သတ္တုဘေးဘောင်တွေ ဖြစ်ပြီး နောက်ဘက် ကာဗာကတော့ ပလပ်စတစ်ကာဗာပါ။ နောက်ဘက် ကာဗာကတော့ ဖြုတ်လို့တပ်လို့ မရတဲ့ကာဗာ အသေဖြစ်ပြီး စပီကာကတော့ ဖုန်းရဲ့နောက်ဘက်ကာဗာ အောက်နားမှာ ရှိပါတယ်။ နောက်ဘက် ကင်မရာဟာ ကိုယ်ထည်ကနေပြီး အပြင်ကို ဖောင်းကြွပုံစံမျိုး ရှိတဲ့အတွက် ဖုန်းကိုကျောဘက်ကနေ ချထားမယ်ဆိုရင် ကင်မရာကို သတိပြုရပါလိမ့်မယ်။ ဖုန်းပြောချိန်မှာ ကြားရမယ့် Earpeace စပီကာဟာအခြား ဖုန်းတွေနဲ့မတူပဲ ဖုန်းရဲ့ကိုယ်ထည်ပေါ်မှာ မြင်သာအောင် ပြုလုပ်ထားတဲ့ ပုံစံမျိုး ရှိနေပါတယ်။  GSM 2G/ 3G ကွန်ရက်တွေမှာ အသုံးပြုနိုင်မှာဖြစ်ပြီး Nano Sim နှစ်ကတ်ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် SD Card Slot နဲ့ Sim Card Slot ဟာ အတွဲလိုက်ဖြစ်နေပြီး SD Card ကို အသုံးပြုချိန်မှာတော့ Sim Card တစ်ကတ်ပဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ SD Card ကိုဖြုတ်ထားမှဘဲ Sim Card နှစ်ကတ် Dual Sim အသုံးပြုနိုင်မှာပါ။

နည်းပညာ

နည်းပညာပိုင်းမှာတော့ Liquid Jade ဟာ ဖုန်းရဲ့ Setting ပိုင်းမှာ အသံစနစ်အတွက် အသေးစိတ် အသုံးပြုနိုင်မယ့် DTS-HD Premium Sound ဆိုတဲ့ စနစ်ကို မြင်တွေ့နိုင်ပါတယ်။ ဒီစနစ်ဟာ Music ပိုင်းအတွက် သီချင်းတွေရဲ့ သံစဉ်တွေကို ချိန်ညှိနိုင်တဲ့ စနစ်ဖြစ်ပြီး Bass သံ၊ သီချင်းသံ အစရှိတဲ့ အသံတွေကို ကိုယ့်စိတ်ကြိုက်ချိန်ပြီး အသုံးပြုနိုင်တဲ့ အပြင် Music ပိုင်းမှာ Classical, Dance, Jazz. Rock အစရှိသဖြင့် သံစဉ်နဲ့ အသံထွက် ပုံစံတွေကိုလည်း ပြောင်းလဲအသုံးပြု နိုင်ပါတယ်။ ဖုန်းကို ကွန်ပျူတာတွေနဲ့ ကြိုးမဲ့ချိတ်ဆက်ပြီး ဖုန်းရဲ့အသုံးပြုခြင်းတွေကို ကွန်ပျူတာပေါ်ကနေ မြင်တွေ့ထိန်းချုပ်ခြင်း၊ ဖုန်းအား ကွန်ပျူတာဖြင့် ချိတ်ဆက်ကာ ဂိမ်းကစားခြင်းတွေအပြင် ဖုန်းမှအချက်အလက်တွေကို ကွန်ပျူတာသို့ ပြောင်းရွှေ့ခြင်းနဲ့ ကွန်ပျူတာမှ အချက်အလက်တွေကို ဖုန်းထဲသို့ ပြောင်းရွှေ့ခြင်း အစရှိတာတွေကို ပြုလုပ်နိုင်တဲ့ Acer Extend ဆိုတဲ့ စနစ်ကလည်း အသုံးပြုသူတွေ ထိတွေ့ရမယ့် နည်းပညာတစ်ခုပါပဲ။ ကိုယ့်ရဲ့ဖုန်းထဲမှာ ရှိနေတဲ့ အချက်အလက်တွေကို အွန်လိုင်းပေါ်မှာ သိမ်းဆည်းထားနိုင်မယ့် Acer Portal စနစ် ပါဝင်တဲ့အပြင်၊ အွန်လိုင်းပေါ်မှာ သီချင်း၊ ဓာတ်ပုံ၊ ဗီဒီယို အစရှိသဖြင့် ခွဲခြားသိမ်းဆည်းနိုင်မယ့် abFiles, abMusic, abPhoto, abVideo အစရှိတဲ့ စနစ်တွေကိုလည်း အသုံးပြုနိုင်ပါတယ်။ အွန်လိုင်းပေါ်မှာ သိမ်းဆည်းဖို့အတွက်တော့ Acer Account ID တစ်ခုကို ဖုန်းမှာ ပြုလုပ်ရမှာဖြစ်ပြီး Acer Portal လို့ခေါ်တဲ့ Cloud စနစ်မှာတော့ အသုံးပြုသူ တစ်ဦးအတွက် 5GB သိမ်ဆည်းနိုင်မယ်လို့ ဆိုပါတယ်။

အသေးစိတ်ဖော်ပြချက်

MT6582 Quad-core 1.3GHz Cortex-A7 CPU ကိုအသုံးပြု ထားတာဖြစ်ပြီး ဂရပ်စနစ်အတွက်လည်း Mali-400MP2 GPU ကိုထည့်သွင်း ပေးထားတာ တွေ့ရပါတယ်။ Screen ကတော့ IPS LCD Curved edges of touch glass Screen ဖြစ်ပြီး Screen Pixel တွေအနေနဲ့ 720×1280 Pixel ထိရရှိနိုင်မှာ ဖြစ်တဲ့အပြင် ဂရပ်ဖစ် GPU ပါဝင်တဲ့အတွက် ကောင်းမွန်တဲ့ ရုပ်ထွက် မြင်ကွင်းတွေကို ခံစားကြည့်ရှုနိုင်ပါတယ်။  Screen ရဲ့ အရွယ်အစားကတော့ ၅ လက်မပါ။ ဖုန်းမှတ်ဉာဏ်ကတော့ Internal Memory 16GB ပါဝင်ပြီး RAM ကတော့ 2GB RAM  ဖြစ်တဲ့အပြင် မှတ်ဉာဏ်ထပ်တိုး အသုံးပြုဖို့ အတွက်လည်း Micro SD Card 32GB ထိထပ်မံ ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ ရှေ့ကင်မရာကတော့ 2 Mega Pixel ကင်မရာဖြစ်ပြီး နောက်ဘက် ကင်မရာကတော့ 13 Mega Pixel ရှိတဲ့ကင်မရာပါ။ ဖုန်းမှာထည့်သွင်း အသုံးပြုထားတဲ့ ဘက်ထရီဟာ 2100mAh Li-Ion ဘက်ထရီ အမျိုးအစား ဖြစ်တဲ့အတွက် စမတ်ဖုန်းအတွက် လုံလောက်တဲ့ ဘက်ထရီအမျိုးအစား တစ်ခုဖြစ်တယ်လို့ ဆိုနိုင်တဲ့အပြင် Power Saving ပါဝင်တဲ့အတွက် အဆင်ပြေပါတယ်။ Power Save ဆိုတဲ့စနစ်မှာ ဘက်ထရီ အသုံးပြုနှုန်းကို လျော့ချထားနိုင်ပါတယ်။

သုံးသပ်ချက်

ဖုန်းမှာပါဝင်တဲ့ Hardware စနစ်ပိုင်းတွေဟာ ကောင်းမွန်ပါတယ်။  ဖုန်းမှာပါဝင်တဲ့ အွန်လိုင်းအသုံးပြု စနစ်တွေနဲ့ ကွန်ပျူတာ ချိတ်ဆက်အသုံးပြုခြင်း စနစ်တွေဟာလည်း ကောင်းမွန်ပြည့်စုံမှု ရှိနေပါတယ်။ ဖုန်းကို ကိုင်တွယ် ထိတွေ့ အသုံးပြုချိန်မှာလည်း ကောင်းမွန်တဲ့ ကိုင်တွယ်ထိတွေ့မှုကို ခံစားနိုင်တဲ့အပြင် အလေးချိန် ပေါ့ပါးခြင်းနဲ့ အရွယ်အစား သင့်တင့်ခြင်း တွေဟာလည်း ဖုန်းကိုထိန်းကျောင်း အသုံးပြုဖို့အတွက် အဆင်ပြေစေပါတယ်။ ဈေးနှုန်းကတော့ ကျပ် ၂၈၆,၀၀၀ ဝန်းကျင်မှာ ရှိနေပြီး ဈေးနှုန်းနဲ့ ဖုန်းမှာပါဝင်တဲ့ Hardware ပိုင်း၊ ဖုန်းရဲ့ အသုံးပြုနိုင်မှု စွမ်းရည်တွေကို နှိုင်းယှဉ်ကြည့်ရင်တော့ မျှတမှုရှိတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ဖုန်းရဲ့ Sim Card နဲ့ Memory Card အသုံး ပြုမှုအပိုင်းကတော့ အနည်းငယ် ရှုပ်ထွေးမှု ရှိသလို ဖုန်းကို Screen ပိတ်ဖို့အတွက် Lock Screen Widget ပါဝင်ပေမယ့် Screen ပြန်ဖွင့်ချင်တယ် ဆိုရင်တော့ ပါဝါခလုတ်ကိုပဲ အသုံးပြုရ ပါလိမ့်မယ်။ မြန်မာစာစနစ် တစ်ပါတည်း မပါတဲ့အတွက် ဖုန်းကို Root လုပ်ရပေမယ့် Root အတွက် အာမခံပျက်ခြင်း မရှိစေပဲ Acer ကအာမခံ ၁ နှစ်ပေးတယ်လို့ ဆိုပါတယ်။

-ကိုသက်