Mvoter 2015 Application ရေးဆွဲထားသည့် လူငယ်ငါးဦးနှင့် စကားစမြည်

12036706_1732166820336527_2066640646327413294_n.jpg

မြန်မာနိုင်ငံတွင် ၂၀၁၅၊ နိုဝင် ဘာ၊ ၈ ရက်တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင် ထားကြသည့် နိုင်ငံရေး ပါတီများကို မဲပေးကြမည့် ပြည်တွင်း၊ ပြည်ပရှိ နိုင်ငံသားများအတွက် မြန်မာလူငယ် Developer ငါးဦးက Mvoter 2015 အမည်ရှိ Mobile Application  တစ်ခုကို ရေးဆွဲခဲ့သည်။ နည်းပညာကို ရူးသွပ်သော ထိုလူငယ်ငါးဦးသည် Mvoter 2015 Application ကို မဲပေးစို့ဟူသည့် Hack Challenge အမည်ရှိ App ပြိုင်ပွဲတစ်ခုတွင် ပထဆု ရရှိလာအောင် ကြိုးပမ်းခဲ့ ကြသည်။ ယခုလက်ရှိ ပြည်တွင်း၊ ပြည်ပ၌ တပြိုင်တည်း ဖြစ်ပေါ်နေသော မဲစာရင်း အချက်အလက် မှားယွင်းမှုများသည် ရွေးကောက်ပွဲ ကော်မရှင်က ကွန်ပျူတာ Software မှားယွင်းမှုကြောင့်ဟု သတင်းစာများသို့ ထုတ်ပြန်ပြောကြားလာသည်။ ထိုလူငယ် Developer ငါးဦး၏ ထင်မြင်သုံးသပ်ချက်များမှာမူ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ပြောကြားချက်နှင့်မတူ ကွဲပြားနေသည်။ အစိုးရအနေဖြင့် ရွေးကောက်ပွဲတွင် ကျွမ်းကျင်ပညာရှင်များ၏ အကူအညီဖြင့် နည်းပညာကို ရယူအသုံးချမည်ဆိုပါက မဲစားရင်း အချက်အလက်များသည် ၉၀ ရာခိုင်နှုန်းခန့် မှန်ကန်နိုင်မည်ဟုလည်း ၎င်းတို့က ယုံကြည်ကြသည်။ ယခုလက်ရှိ လူမှုကွန်ရက် မီဒီယာတစ်ခုဖြစ်သည့် Facebook ပေါ်တွင် လူသိများနေသော Mvoter 2015 Application ကို ရေးဆွဲထားသည့် လူငယ်များသည် လာမည့်နှစ်များတွင် နိုင်ငံသားများ၏ ပညာရေးနှင့် သက်ဆိုင်သော Application များကို ရေးဆွဲသွားရန် ရည်မှန်းထားကြောင်း သိရသည်။ ထို့ကြောင့် ယခုလက်ရှိ Mvoter 2015 Application ရေးဆွဲထားသည့် အဆိုပါ လူငယ်ငါးဦးနှင့် ဆက်သွယ်မေးမြန်းချက်များကို ကောက်နုတ် ဖော်ပြလိုက်ရပါသည်။

ပထမဆုံး သိချင်တာကတော့ MVoter Application ကို ဖန်တီးရေးဆွဲပြီး Hack Challenge မှာ ပြိုင်ပွဲဝင်ဖို့ ဘယ်လိုဖြစ်လာလဲဆိုတာ သိချင်ပါတယ်။

ဒီ MaePaySoh Hack Challenge အကြောင်းကို ဖန်တီးရာ Facebook Page မှာ ပထမဆုံး တွေ့ပါတယ်။ Hack Chellenge မှာ Apps တွေ Website တွေ အသုံးပြုဖို့အတွက် ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ အချက်အလက်တွေ စုစည်းထားတဲ့ Database နဲ့ API ကိုလည်း ထောက်ပံ့ပေးထားပါတယ်။ ဒါကြောင့် စိတ်ဝင်စားပြီး ဝါသနာတူတဲ့ သူငယ်ချင်းတွေပေါင်းပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

ဘယ်လို ရည်ရွယ်ချက်နဲ့ ဒီ MVoter Application ကို ပြိုင်ပွဲဝင်ဖြစ် ခဲ့တာပါလဲ။

ရွေးကောက်ပွဲ အကြောင်းကို ကျွန်တော်တို့ ကိုယ်တိုင်ရော၊ တခြားလူတွေ အကုန်လုံးကပါ အခုဆို စိတ်ဝင်တစား ရှိနေကြပါတယ်။ ပတ်ဝန်းကျင်မှာလဲ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ မသိသေးတာတွေ၊ ငြင်းခုန်နေကြတာတွေလဲ ကြားနေရတာကြောင့် လူတွေ လက်ထဲမှာတင် မှန်ကန်တိကျတဲ့ အချက်အလက်တွေ အလွယ်တ ကူရရှိနိုင်အောင်လို့ တတ်နိုင်တဲ့ ဘက်ကကူညီချင်တဲ့ အတွက်ပါ။ ကျွန်တော်တို့လို အခုမှ ပထမဆုံး မဲပေးမဲ့သူတွေလဲ အများကြီး ရှိသလို၊ ကျွန်တော်တို့ ကိုယ်တိုင်လည်း ဒီလိုမျိုး Application တစ်ခုကို သုံးဖို့လိုအပ် နေပါတယ်။ မိုဘိုင်းဖုန်းတွေလည်း အသုံးများလာကြပြီ ဖြစ်တဲ့အတွက် ဒီ Application ကနေ အကျိုးသက်ရောက်မှု အနည်းနဲ့ အများရှိမယ်လို့လဲ ယုံကြည်တာကြောင့် ကျွန်တော်တို့ ဝင်ပြိုင်ဖြစ်ခဲ့တာပါ။

ပြိုင်ပွဲမှာ ပထဆု ရရှိသွားပြီးတဲ့နောက် ဒီ Application ကို ထပ်ပြီး အဆင့်မြှင့်တာတွေ ပြုလုပ်ရတာ ရှိပါလား။

ရှိပါတယ်။ တချို့မြို့နယ်၊ ကျေးရွာတွေရဲ့ နာမည်တွေ၊ စာရင်းတွေကို Update လုပ်ရတာ တွေရှိပါတယ်။

MVoter Application ကို ဖန်တီးထားသူတွေက ဘယ်သူတွေပါလဲ။

mVoter ကို ကျွန်တော်တို့ အဖွဲ့ဖြစ်တဲ့ PopStack က ဖန်တီးထားတာပါ။ အဖွဲ့ဝင်တွေကတော့ မြတ်မင်းစိုး၊ အောင်ကျော်ပိုင်၊ ဖြိုးမင်းသူ၊ ရဲမင်းထွဋ်နဲ့ ကောင်းမြတ်လွင်တို့ပဲ ဖြစ်ပါတယ်။

အခုလက်ရှိ ဒီမဲပေးစို့ဆိုတဲ့  Application ကို အသုံးပြုသူ အရေအတွက်က ဘယ်လောက် ရှိလာပါပြီလဲ။

MaePaySoh API ကို စုစုပေါင်း အသုံးပြုသူ အရေအတွက်ကတော့ Asia Foundation နဲ့ MaePaySoh API တာဝန်ရှိသူတွေ သိပါလိမ့်မယ်။ mVoter2015 ကိုတော့ လောလောဆယ် အသုံးပြုတဲ့သူ ၉ သောင်းကျော်ရှိပါပြီ။

သုံးစွဲသူတွေဆီက တုံ့ပြန်ချက်တွေကရော ဘယ်လိုအခြေအနေ ရှိပါလဲရှင့်။

mVoter 2015 က အသုံးဝင်ကြောင်း၊ ကျေးဇူးတင်ကြောင်း တုံ့ပြန်ချက်တွေ များပါတယ်။ တချို့ကလဲ အချက်အလက်  မှားနေတာတွေကို ပြောကြပါတယ်။ မှားနေတဲ့ အချက်အလက်ဆို ကျွန်တော်တို့က Asia Foundation နဲ့ MaePaySoh API တာဝန်ရှိ သူတွေကို ပြန်ပြောပြီး Report လုပ်ပေးပါတယ်။ သူတို့ကလဲ ပြန်လည်စိစစ်ပြီး ပြင်ဆင်ပါတယ်။ စင်ကာပူမှာ ကြိုတင်မဲပေးတဲ့အခါ mVoter 2015 ကို မဲဆန္ဒနယ် စစ်တာတွေ၊ ကိုယ်စားလှယ်လောင်း အချက်အလက်တွေ ကြည့်တာတွေအတွက် အသုံးပြုကြတယ်လို့ ကြားရပါတယ်၊ အဲ့အတွက်လဲ ဝမ်းသာပါတယ်။

အခုဖြစ်နေတဲ့ ပြည်တွင်း၊ ပြည်ပ မဲစာရင်း မှားယွင်းမှုတွေကိုဒီ MVoter Application က ဘယ်လောက်အထိ မှန်ကန်အောင် အထောက်အပံ့ ပေးနိုင်ပါလဲရှင့်။

မဲစာရင်းစစ်တဲ့ function က UEC ရဲ့ checkvoterlist.uec-myanmar.org ကို အသုံးပြုပြီး လုပ်ထားတာပါ။ ကျွန်တော်တို့ app က ကြားခံချိတ်ဆက် ပေးရုံပါပဲ။ ဒါပေမဲ့ ရှာဖွေတဲ့ User တွေအတွက် အတတ်နိုင်ဆုံး အဆင်ပြေအောင် ပြုလုပ်ပေးထားပါတယ်။ မဲစာရင်းရှာရာမှာ အဖြစ်များတဲ့ zawgyi/unicode ပြဿနာတွေကို အဆင်ပြေဆုံးဖြစ်အောင် ဖြေရှင်းထားပါတယ်။

မြန်မာနိုင်ငံတွင်းမှာရော ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ကြားမှာပါ အချက်အလက် မှားယွင်းမှုတွေ ရှိနေတဲ့ မဲစာရင်းတွေဟာ ဘာကြောင့် ဖြစ်ပေါ်နေတာလဲလို့ ထင်မြင်သုံးသပ် ပါသလဲရှင့်။

အချက်အလက် မှားယွင်းတာ ကွန်ပျူတာစနစ်ကို သေသေချာချာ မသုံးနိုင်လို့ဖြစ်တာလို့ ထင်ပါတယ်။ ဒါတွေကို ကျွမ်းကျင် ပညာရှင်တွေနဲ့ ကွန်ပျူတာ စနစ်ကောင်းကောင်းသုံးပြီး လုပ်မယ်ဆိုရင် မှန်ကန်မှု ၉၀% ကျော်ကျော် ရှိနိုင်ပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်က ကွန်ပျူတာ Software မှားယွင်းမှုကြောင့် မဲစာရင်း မှားယွင်းမှုတွေ ဖြစ်တာလို့ မီဒီယာကို ပြောကြားချက်အပေါ် လူငယ် Developer တွေ အနေနဲ့ ဘယ်လိုထင်မြင် ပါသလဲ။

တွေ့ရသလောက် Software အမှားတော့ မဖြစ်နိုင်ပါဘူး။ software အမှားဆို အကုန်မှားရမှာပါ။ လူတွေကျန်ခဲ့တာမျိုး မဖြစ်နိုင်ပါဘူး။ ပြီးတော့ software အမှားဆိုတာ သေချာရင် software ထုတ်လုပ်တဲ့ ကုမ္ပဏီကတာ ဝန်ခံမှုတွေ လုပ်ရမှာ ဖြစ်ပါတယ်။

အစိုးရပိုင်းက ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး နည်းပညာ အသုံးချမှု အပိုင်းကိုရော MVoter Application ကို ရေးဆွဲဖန်တီးသူ လူငယ်တွေအနေနဲ့ ဘယ်လိုသုံးသပ် ချင်ပါသလဲရှင့်။

ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး နည်းပညာ အသုံးချလာ နိုင်ပါတယ်။ ဒါကလဲ Asia Foundation လို NGO အဖွဲ့အစည်းတွေက ကူညီတာကြောင့်ပါ။ အမှန်ဆို NGO တွေတောင် မလိုဘဲ ဒါမျိုး public information တွေကို open data အနေနဲ့ လူတိုင်း online ကနေ ယူနိုင်အောင် လုပ်ပေးထား သင့်ပါတယ်။

အခုလို မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲအတွက် နိုင်ငံသား လူငယ်တွေအနေနဲ့ နည်းပညာပိုင်းကနေပြီး Application တွေ ဖန်တီးလာကြတယ်။ အဲ့ဒီလို ဖန်တီးနိုင်ဖို့အတွက် အစိုးရဆီက ဘယ်လိုထောက်ပံ့ ကူညီပေးမှုမျိုးတွေ ရပါလဲရှင့်။

အစိုးရက ပြိုင်ပွဲအတွက် သီးသန့်ထောက်ပံ့မှုမျိုးတော့ မရှိပါဘူး၊ ဒီပြိုင်ပွဲ ကုန်ကျစရိတ်တွေ၊ ဆုကြေးတွေကို သက်ဆိုင်ရာ NGO တွေက ထောက်ပံ့ပေးထားတာ ဖြစ်ပါတယ်။ UEC ကပေးတဲ့ အချက်အလက်တွေကို NGO တွေက Computerized ပြန်လုပ်ပေးထားတာ ဖြစ်ပါတယ်။

အခုလို မြန်မာနိုင်ငံက လူငယ် Developer တွေအနေနဲ့ အောင်အောင်မြင်မြင် လုပ်ကိုင်လာနိုင်ဖို့အတွက် ဘယ်လို စိန်ခေါ်မှုမျိုးတွေ၊ ဘယ်လို အခက်အခဲတွေကို အဓိကရင်ဆိုင် ခဲ့ရပါလဲ။

အခက်အခဲကတော့ Application ကို လူတိုင်းအလွယ်တကူ အသုံးပြုနိုင်အောင် လုပ်ရတဲ့အတွက်ကြောင့် ဒီဇိုင်းပိုင်းတွေ သေချာစဉ်းစား ရပါတယ်၊ နောက်ပြီး မြန်မာဖောင့် Zawgyi/ Unicode နှစ်မျိုးစလုံး ရေးနိုင်၊ ဖတ်နိုင်အောင် လုပ်ရတာရှိပါတယ်။ ရွေးကောက်ပွဲ ဆိုင်ရာတွေကို ကိုယ်က အရင်နားလည်အောင် လုပ်ရပါတယ်။ တခြားကြီးကြီးမားမား ခက်ခက်ခဲခဲတော့ မရှိပါဘူး။

အခု ဖန်တီးထားတဲ့ MVoter Application ရဲ့အဓိက အားသာချက်တွေနဲ့ လိုအပ်ချက်တွေရှိရင်လည်း ပြောပြပေးကြပါဦးရှင့်။

အားသာချက်ကတော့ User တွေ ရင်းနှီးပြီး ရိုးရိုးရှင်းရှင်းနဲ့ သုံးရလွယ်ကူအောင် ပြုလုပ်ထားပါတယ်။ iOS နဲ့ Android နှစ်မျိုးစလုံးအတွက် ရရှိနိုင်ပါတယ်။ Application ရဲ့ Size ကလဲ 4MB  ခန့်သာ ရှိတာကြောင့် မြန်မြန်ဆန်ဆန် ဒေါင်းလုပ်ရယူ နိုင်ပါတယ်။

လာမယ့် ရွေးကောက်ပွဲ အပြီးမှာ ထွက်ရှိလာမယ့် မဲရလဒ်တွေကို ရေတွက်တဲ့အခါမှာ အစိုးရအနေနဲ့ နည်းပညာ အကူအညီကို အသုံးပြုဖို့ လိုအပ်တယ်လို့ ထင်ကြပါသလား။ ဒါမှမဟုတ် အစိုးရက မဲရလဒ်အရေအတွက်ကို နည်းပညာအကူအညီကို ရယူအသုံးပြုမယ်လို့ ထင်ကြပါသလား။

မဲရလဒ်တွေကို ရေတွက်တဲ့အခါ လူကိုယ်တိုင် ရေတွက်တာက သံသယကင်းပြီး တိကျမှာပါ။ တံဆိပ်တုံးထုထားတာကို ကွန်ပျူတာကို ဆုံးဖြတ်ခိုင်းဖို့ဆိုတာ မလွယ်ပါဘူး။ ဒါပေမဲ့ ရလဒ်တွေကို ကြေညာတဲ့အခါ နည်းပညာ အသုံးပြုသင့်ပါတယ်။ ဒါမှသာ ဘယ်မဲဆန္ဒနယ်မှာ ဘယ်သူတွေနိုင်တယ်။ ဘယ်ပါတီက ဘယ်လောက် ရာခိုင်နှုန်းနိုင်တယ်ဆိုတာ ချက်ချင်းသိနိုင်မှာပါ။

MVoter Application ဖန်တီးသူတွေအနေနဲ့ နိုင်ငံရဲ့ဘယ်လိုကဏ္ဍတွေအတွက် နည်းပညာကို အသုံးပြုပြီး အကူအညီပေးဖို့ အခြားအစီအစဉ်တွေ ရှိရင်လည်း သိပါရစေ။

နောက်ပိုင်းဒီလိုမျိုး Civic Education နဲ့ပတ်သက်တဲ့ ပြိုင်ပွဲတွေ၊ လူတွေကို အကျိုးပြုမယ့် Apps တွေ လုပ်ဆောင်တာတွေမှာလည်း တစ်ဖက်တစ်လမ်းကနေ တတ်နိုင်သလောက် ပါဝင်သွားမှာပါ။