iOS, Android နှင့် ဝက်ဘ်အတွက် polling feature သစ်ကို Twitter မိတ်ဆက်

10562950_10153251568472825_1488003752081431799_n.jpg

သုံးစွဲသူများက ၎င်းတို့၏ ထင်မြင်ချက်များ ဖော်ပြပေးနိုင်မည့် နည်းလမ်းသစ်တစ်ရပ်ကို Twitter က မိတ်ဆက်ပေးခဲ့သည်။ ထို့အတွက်ကြောင့် iOS, Android နှင့် Twitter.com သုံးစွဲသူများက compose box မှတစ်ဆင့် စစ်တမ်းတစ်ခု ကောက်ယူခြင်းကို မကြာမီ ပြုလုပ်နိုင်တော့မည် ဖြစ်သည်။

လစဉ်သုံးစွဲသူ ၃၁၆ သန်းရှိသည့် Twitter သည် tweet များတွင် စစ်တမ်းကောက်ယူမှုများ ထည့်သွင်းနိုင်သည့် လုပ်ဆောင်ချက်ကို ပြီးခဲ့သည့်လက သုံးစွဲသူအနည်းငယ်တွင် စမ်းသပ်ခဲ့သည်။ ၎င်း feature ကို မှန်ကန်ကြောင်း အတည်ပြုထားသော account များနှင့် အတည်မပြုထားသော account များအပြင် Twitter ဝန်ထမ်းများနှင့် နာမည်ကျော်ကြားသူများပါ အသုံးပြုနိုင်မည် ဖြစ်သည်။

ရွေးချယ်မှုနှစ်ရပ်သာ ပြုလုပ်နိုင်မည့် စစ်တမ်းကောက်ယူသည့် မေးခွန်းများကို ၂၄ နာရီအတွင်း ဆန္ဒမဲပေးနိုင်သည်။ တစ်ကြိမ်သာပြုလုပ်နိုင်မည့် မဲဆန္ဒပေးမှုများကို လျှို့ဝှက်ပေးထားမည်ဖြစ်ပြီး စစ်တမ်းပိတ်ပြီးသည့်နောက် ရလဒ်များကို ပါဝင်ဖြေကြားသူများထံ push notification မှတစ်ဆင့် ပေးပို့မည် ဖြစ်သည်။

၎င်း polling feature ကို လာမည့်ရက်အနည်းအတွင်း သုံးစွဲသူများထံ ဖြန့်ချိပေးမည် ဖြစ်ပြီး tweet compose box တွင် poll icon တစ်ခုပေါ်လာပါက စတင်အသုံးပြုနိုင်မည် ဖြစ်သည်။

Ref: VentureBeat