Ooredoo ကွန်ရက် ကယားပြည်နယ်တွင် မိတ်ဆက်

12096176_1175921029090090_2442055425808949149_n.jpg

ကယားပြည်နယ်၏ မြို့တော် လွိုင်ကော်မြို့၊ မြို့နယ်ခန်းမတွင် အူရီဒူးမြန်မာကွန်ရက် အောင်မြင်စွာ ဖြန့်ကြက်နိုင်ခြင်း အထိမ်းအမှတ်ပွဲ ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၉ ရက်၊ ညနေ ၆ နာရီမှ ၈နာရီအထိ ကျင်းပနိုင်ခဲ့သည်။

အဆိုတော် နေနေ၊ ဝိုင်းစုခိုင်သိန်း၊ ဖိုးကာတို့၏ သီဆိုဖျော်ဖြေမှုများ၊ ဂိမ်းများ ပျော်ရွှင်စွာ ဆော့ကစားခြင်း၊ လက်ဆောင်များ ပေးအပ်ခြင်းများကို ပြုလုပ်ခဲ့ကြပြီး ဒေသခံ ပရိသတ်ပေါင်း တစ်သောင်းကျော် ပါဝင်ဆင်နွှဲခဲ့သည်။

လွိုင်ကော်မြို့တွင် Ooredoo အရောင်းဆိုင်ပေါင်း ၂၉၄ ဆိုင်ကျော်ကိုလည်း ဖွင့်လှစ်ထားပြီး ဆက်လက်၍ အရောင်းဆိုင်များ တိုးချဲ့သွားရန် အစီအစဉ်များလည်းရှိကြောင်း Ooredoo Myanmar ၏ ဈေးကွက်နှင့် သတင်းအချက်အလက်ဆိုင်ရာ ဆက်သွယ်ရေး ဒါရိုက်တာ ဒေါ်ပွင့်ဦးဆွေက ထည့်သွင်း တင်ပြသွားခဲ့သည်။

ယင်းဂုဏ်ပြုပွဲတွင် ကယားပြည်နယ် အစိုးရအဖွဲ့မှ လွိုင်ကော်မြို့ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးတော့ရယ်၊ လူမှုရေးဝန်ကြီး ဦးကိုးရယ်၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီး ဦးရဲဝင်း၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးချစ်လှ၊ စည်ပင်သာယာရေးဝန်ကြီး ဦးအောင်နိုင်ဦးနှင့် ကယားပြည်နယ် အစိုးရအဖွဲ့အပါအဝင် ဒေသဆိုင်ရာ အစိုးရအဖွဲ့မှ တာဝန်ရှိ လူကြီးမင်းများ တက်ရောက်ခဲ့သည်။

လက်ရှိ၌ ကယားပြည်နယ် တစ်ခုလုံးတွင် အူရီဒူး မိုဘိုင်းဆက်သွယ်ရေး ကွန်ရက်ရှိသော တာဝါတိုင်ပေါင်း ၆၅ တိုင်စိုက်ထူပြီးစီးခဲ့ပြီး ယင်းတို့ထဲတွင် လွိုင်ကော်မြို့တွင် ၂၅ တိုင် စိုက်ထူပြီးစီးခဲ့ပြီ ဖြစ်သည်။

ကယားပြည်နယ်တစ်ခုလုံးတွင် အူရီဒူးအရောင်းဆိုင်ပေါင်း ၄၂၁ ဆိုင်၊ လွိုင်ကော် မြို့တွင် ၂၉၄ ဆိုင်၊ ဘော်လခဲမြို့တွင် ၃ ဆိုင်၊ ဒီမောဆိုးမြို့တွင် ၄၃ ဆိုင်၊ ဖားဆောင်းမြို့တွင် ၂ ဆိုင်၊ ဖရူဆိုမြို့တွင် ၇၉ ဆိုင် ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်သည်။