SOMA

SOMA-3-PC-Game-NAL-online-game-review-2015-OCT-8.jpg

လွန်ခဲ့တဲ့ ငါးနှစ်ကျော် ၂၀၁၀ ခုနှစ် စက်တင်ဘာလက ထွက်ခဲ့တဲ့ နာမည်ကျော် Classics Survival Horror ဂိမ်း Amnesia: The Dark Descent ရဲ့  developer အဖွဲ့ Frictional Games ဟာ Amnesia ဂိမ်းထွက်ထွက်ချင်းကနေ ယခုထိတိုင် ဂိမ်းကစားပြီးသူ ပရိသတ်တွေက အမှန်တကယ် ကြောက်စရာကောင်းတဲ့ ဂိမ်းတွေ ရှားပါးနေချိန်မှာ Horror ဂိမ်းကစားသက်ရင့်နေသူတွေပါ အသည်းယားခဲ့ရတဲ့ Amnesia နှင့် Penumbra လိုမျိုး ချောက်ချားစရာ ဂိမ်းသစ်တွေကို ဆက်ထုတ်သွားဖို့ တောင်းဆိုခဲ့ကြတဲ့အတွက် ၂၀၁၅ မှာတော့ SOMA အမည်ရ Survival Horror ဂိမ်းသစ်ကို ဖြန့်ချိခဲ့ပါတယ်။ Amnesia: The Dark Descent ဂိမ်းထွက်အပြီးမှာ Youtube မှာရှိတဲ့ ဂိမ်းကစားပြပြီး ကစားသူတွေရဲ့ တုံ့ပြန်မှုတွေကို ပြသလို့ အောင်မြင်ခဲ့တဲ့ Let’s Play video တွေ အများကြီး ထွက်ခဲ့ပြီး PewDiePie နှင့် Markiplier တို့လို Internet Celebrity တွေကို လူသိများစေတဲ့ ဂိမ်းတွေထဲမှာ ထိပ်ဆုံးက ပါဝင်ထားပါတယ်။ Amnesia နှင့် SOMA ကြား မှာတော့ Outlast၊ Slender နဲ့ Five night at Freddy’s လိုမျိုး ကြောက်စရာကောင်းတဲ့ ဂိမ်းစီးရီးတွေလည်း ထွက်ခဲ့ပေမယ့် developer တစ်ဖွဲ့ချင်းဆီက ပုံစံကွဲပြားပြီး ကြောက်ဖို့ ကောင်းအောင် ဖန်တီးခဲ့နိုင်တာကို တွေ့ရမှာပါ။

SOMA ရော၊ သူ့ရှေ့က ထွက်ခဲ့တဲ့ Amensia၊ Outlast နှင့် Slender တို့လို weapon-free Survival Horror ဂိမ်းတွေရဲ့ formula နှင့်အတူ အခြားစိတ်ဝင်စားဖွယ် gameplay features အသစ်တွေကို ပေါင်းစပ်ပေးထားပြီး ကစားသူကို ရင်တထိတ်ထိတ်နှင့် ဆော့နေရင်း စက်ပိတ်ပြီးပဲ ထပြေးရတော့မလိုလို၊ ပြီးအောင်ပဲတစ်ထိုင်တည်း ဆော့ရတော့မလိုလို ဆွဲဆောင်ထားနိုင်တာကို တွေ့ရပါတယ်။ Frictional Games ဂိမ်းရဲ့ SOMA နဲ့ အခြား Horror ဂိမ်းတွေ အဓိကကွဲသွားတဲ့ အချက်ကတော့ ခေတ်လွန် ရေအောက် စမ်းသပ်ခန်းအတွင်း နေရာယူထားတဲ့အချက်ပဲ ဖြစ်ပါတယ်။ မူလ Resident Evil ဂိမ်းတွေ Dead Space တို့ Code Fear တို့လိုမျိုး Science Fiction ပုံစံနှင့် Horror ပေါင်းစပ်ထားတဲ့ ဂိမ်းတွေ အများကြီး ထွက်ဖူးပေမယ့် SOMA လိုမျိုး လက်နက်မပါဘဲ survival ပုံစံသီးသန့် ကစားရတဲ့ ဂိမ်းတွေကတော့ တော်တော်လေးရှားပါတယ်။

SOMA ဂိမ်းမှာတော့ ကစားသူဟာ ရေအောက် စမ်းသပ်ခန်းအတွင်းမှာရှိတဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ရမှာဖြစ်ပြီး Catherine အမည်ရ အမျိုးသမီး
ရဲ့ အကူအညီကိုလည်း ရယူနိုင်မှာပါ။ ရန်သူတွေအနေနဲ့ကတော့ Supernatural ပုံစံမျိုးမဟုတ်ဘဲ ရေအောက်က Abyss Creatures သတ္တဝါဆန်းတွေနဲ့ program တွေ ပြောင်းလဲပြီး စိတ်ဖောက်ပြန်နေတဲ့ Wau Creatures အမည်ရ Warden Unit စက်ရုပ်တွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ Frictional Games ရဲ့ Amnesia ဂိမ်းတွေ လိုမျိုးတွေ ကစားသူအနေနဲ့ ရန်သူတွေ မမြင်အောင် အမှောင်ထဲ ပုန်းနေရတာမျိုးတွေ၊ အသံမထွက်ဘဲ နေတာမျိုးတွေ ပါဝင်ပြီး အရင် Amnesia ဂိမ်းအများစုကို နောက်ကနေ လိုက်နေမယ့် ရန်သူအမျိုးအစားသုံး၊ လေးမျိုးတည်းမဟုတ်တော့ဘဲ SOMA မှာတော့ ရန်သူအမျိုးအစား ၁၁ မျိုးတောင် ပါဝင်ထားသလို အမှောင်ထဲမြင်ရတဲ့ အကောင်တွေ၊ လှုပ်ရှားမှုကို အမြဲခြေရာခံနေမယ့်ကောင်တွေ အစရှိသဖြင့် ပုံစံမျိုးစုံ ပါဝင်ထားပါတယ်။

တစ်ဂိမ်းလုံးနီးပါးကတော့ Stealth gameplay ဆန်ဆန် ရန်သူတွေ မမြင်အောင် သွားလာရမှာဖြစ်သလို ရန်သူတွေ နောက်ကလိုက်လာရင် အမြန် ပြေးရင်ပြေး ဒါမှမဟုတ် သူတို့ မမြင်လောက်တော့တဲ့ နေရာမှာ closet တွေ ခုတင်တွေထဲ ဝင်ပုန်းနေရာမှာဖြစ်ပြီး level design ပိုင်းတွေ၊ ရန်သူတွေလက်မှ ပုန်းရမယ့် နေရာတွေကို စီစဉ်ထားတာတွေက အရင်ဂိမ်းတွေကထက် ပိုတိုးတက်လာတာ တွေ့ရပါတယ်။ ဘာမှမဖြစ်လောက်ပါဘူးလို့ ထင်ထား တဲ့အချိန်မှာ ကြောက်စရာအဖြစ်အပျက်တွေပေါ်လာတာမျိုးတွေ၊ တစ်ခုခုဖြစ်တော့မယ် ကြိုမှန်းထားတဲ့အချိန်မှာတောင် ကစားသူကို အံ့အားသင့်အောင် လုပ်ဆောင်နိုင်တာကတော့ developer Fri-ctional Games ရဲ့ game design ပိုင်းရော ဇာတ်ညွှန်းပိုင်းပါ  ကောင်းမွန်မှုတွေကြောင့်ပါပဲ။ HPL Engine 3 ကို အသုံးပြုထားတဲ့ Graphics ပိုင်းကလည်း lighting effect တွေ ကောင်းမွန်သလို graphics setting အမြင့်ဆုံးနှင့် အမှောင်ထဲမှာ night vision သုံးပြီး ကြည့်ရတဲ့ အခန်းတွေမှာ အပြင်က live action footage အစစ်တွေနီးပါး ကြည့်ကောင်းတာ တွေ့ရမှာပါ။ Puzzle ပိုင်းထက် gameplay ပိုင်းကို အသားပေးထားပြီး Silent Hill တို့ Penumbra တို့လောက် puzzle စဉ်းစားစရာမလိုဘဲ တံခါးဖွင့်ဖို့ password ရှာတာ၊ switch တွေ လိုက်နှိပ်တာလောက်ပဲ ပါဝင်ပေမယ့် အရမ်းကြီးမခက်၊ အရမ်းကြီးမလွယ်အောင် exploration gameplay ပိုင်းကို ထည့်သွင်း ပေးထားပါတယ်။ လိုတဲ့ password တွေ၊ items တွေ ရှာတွေ့ရင်တောင် အနားက ရန်သူတွေ အသံမကြားအောင်၊ လှုပ်ရှားမှု မမြင်အောင် နေရတာတွေကတော့ puzzle ကို ရှင်းနိုင်ရင်တောင် ရင်မအေးရသေးဘဲ အမြဲတမ်းသတိနဲ့ ကစားအောင် လုပ်ထားတဲ့ အကွက်လေးတွေက သဘောကျဖို့ ကောင်းပါတယ်။

ချောက်ချားစရာ နောက်ခံ ဇာတ်လမ်းနှင့် ပုံစံကွဲပြားတဲ့ ကြောက်စရာ ရန်သူတွေပါဝင်တဲ့ SOMA ဂိမ်းသစ်ဟာ Survival Horror သီးသန့် ကစားချင်တဲ့ gamer တွေအတွက် အထူးသင့်တော်သလို ဂိမ်းကစားရင်း Horror ရုပ်ရှင်ကြည့်ရသလို ခြောက်လှန့်ခံရတဲ့ အရသာကို ခံစားလိုသူတိုင်းသေချာပေါက် သဘောကျမယ့် ဂိမ်းကောင်း တစ်ခုဖြစ်ပါတယ်။